လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးကို စစ်ကောင်စီပြန်လွှတ်

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းကို စစ်ကောင်စီက ဩဂုတ်လ ၃၀ ရက်နေ့ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေါ်ခင်စန္ဒာဝင်း ကိုယ်တိုင် စက်တင်ဘာလ ၁ ရက် ဒီကနေ့ ညနေပိုင်း ဦးနိုင်ငံလင်းရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ကြေညာခဲ့ပါတယ်။

ဒေါ်ခင်စန္ဒာဝင်းနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ငါးဦးခန့်ကို ဩဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီလောက်မှာ မျက်လုံးတွေ စည်းလျက်နဲ့ပဲ နေအိမ်တွေကို အသီးသီးလိုက်ပို့ခဲ့တာလို့ ဆိုပါတယ်။

ဦးနိုင်ငံလင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းဟာ ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက အင်းစိန်ထောင်မှာ ထောင်ဝင်စာ သွားပို့ချိန်မှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ရိက္ခာထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒေါ်ခင်စန္ဒာဝင်းဟာ အာဏာသိမ်းပြီးနောက် မတ်လကစလို့ PDF တွေအတွက် ဆန်၊ ဆီတို့ကို ထောက်ပံ့ခဲ့ပြီး သန်လျင်မြို့နယ်၊ လှည်းကူးမြို့နယ်နဲ့ တိုက်ကြီးမြို့နယ်တို့ကို ရိက္ခာပို့ခဲ့တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန် စွပ်စွဲထားပါတယ်။

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။