ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာရှိတဲ့ ရွာကိုးရွာက နေအိမ် ၆၀ ကျော် မီးရှို့ခံရ

2022.05.12
Share on WhatsApp
Share on WhatsApp
ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာရှိတဲ့ ရွာကိုးရွာက နေအိမ် ၆၀ ကျော် မီးရှို့ခံရ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့မှာ စစ်တပ် မီးရှို့ခဲ့သည့် ရေစကြိုမြို့နယ် မြေစွန်းကျေးရွာမှ နေအိမ်များကို တွေ့ရစဥ်
Photo: Citizen Journalist

မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ရွာတွေကို မေလ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်မီးရှို့နေတာကြောင့် မေလ ၁၂ ရက် ဒီနေ့အထိ သုံးရက်အတွင်း ရွာကိုးရွာက စုစုပေါင်း နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရေလယ်ကျွန်းဒေသခံတွေက RFA ကို ပြောပါတယ်။

မေလ ၉ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း မြောင်ဘက်က အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်း ဝင်ရောက်လာပြီး နောက်တစ်ရက်ကစလို့ တစ်ရွာဝင် တစ်ရွာထွက် မီးရှို့နေ တာကြောင့် ရေလယ်ကျွန်းမှာရှိတဲ့ ရွာတွေက အားလုံးနီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာ မိဖုရား၊ ရွှေလှံ၊ မဲကုန်း၊ ဘိုကုန်း၊ ကြွယ်ကုန်းရွာတွေကို ဝင်ရောက် မီးရှို့ခဲ့ပြီး မေလ ၁၁ ရက်နေ့မှာ ဆည်သစ်မြင်ရွာ၊ မြေစွန်းရွာ၊ ငတရော်ရွာနဲ့ မေလ ၁၂ ရက် ဒီမနက်မှာတော့ သောင်ရှေ့ရွာကို ထပ်ပြီး မီးရှို့သွားတာလို့ ပြောကြပါတယ်။

တစ်ရွာလုံးထွက်ပြေးနေရတာကြောင့် ရွာမီးရှို့ခံရတာကို အဝေးကနေပဲ လှမ်းကြည့်နေ ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငတရော် ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာထဲမှာ တစ်ယောက်မှ မကျန်ခဲ့ဘူး။ ဘုန်းကြီးကျောင်းကို အရင်ဝင်တယ်ပြောတယ်။ အဲ့ ဘုန်းကြီးကျောင်းကနေမှ ရွာထဲဘက်ကိုပတ်ပြီး သေနတ်တွေ ဖောက်တယ်။ နောက်ပိုင်း မီးခိုးတက်လာတော့ ကျနော်တို့ နီးနီးကပ်ကပ် သွားကြည့်တဲ့အခါမှာ တစ်အိမ် စရှို့တာပေါ့။ နောက်ပိုင်းမှာ လေးငါးအိမ် ဆက်တိုက်ရှို့တာပဲ။ နီးစပ်ရာ တောထဲ လောက်ကနေ လှမ်းကြည့်နေကြတာပေါ့။ ရှို့တာကြီး မြင်နေတာကို မြင်ပြီးတော့ ထိုင်ကြည့်နေရတဲ့ ဘဝပေါ့ဗျာ။ တော်တော်ဆိုးဆိုး”

စစ်ကြောင်းပြန်ထွက်သွားချိန်မှာ ရွာထဲဝင်ရောက်မီးငြှိမ်းခဲ့ကြပေမယ့် ငတရော်ရွာက လူနေအိမ် ခြောက်လုံးအပြင် ပဲသိုလှောင်တဲ့ အဆောက်အအုံတွေပါ မီးထဲပါသွားသလို မိဖုရားရွာက နေအိမ် ၁၀ လုံး၊ ဆည်သစ်မြင်ရွာက နေအိမ်ကိုးလုံးလည်း မီးလောင်ခဲ့တယ် လို့ပြောပါတယ်။

ငတရော် ရွာဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်နဲ့ လူဦးရေနှစ်ထောင်လောက်ရှိပြီး ဒေသခံ အများစုကတော့ နောက်ထပ် စစ်ကြောင်း ထပ်လာမှာစိုးတာကြောင့် တောတောင်တွေ ထဲမှာပဲ ပုန်းနေရတယ်လို့ ဆိုပါတယ်။

မေလ ၁၀ ရက်နေ့ကလည်း ကြွယ်ကုန်းရွာထဲကို စစ်ကြောင်းဝင်လာပြီးနောက် ပြန် ထွက်ခါနီးမှာ တွေ့ရာနေအိမ် မီးရှို့သွားတာကြောင့် နေအိမ်ရှစ်လုံး မီးလောင်သွားတယ်လို့ ကြွယ်ကုန်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က ကြုံရာရှို့သွားတာဗျ။ အခု စစ်ကြောင်းက သတင်းပေးဘာညာနဲ့ ရှို့တဲ့ စစ်ကြောင်း မဟုတ်ဘူး။ တွေ့ကရာအိမ်၊ သူတို့လက်လှမ်းသင့်ရာအိမ်ကို ရှို့သွားတာဗျ။ အရင်ကတော့ နာမည်ရှိတဲ့အိမ်တို့၊ ဒလန်က သတင်းပေးထားတဲ့ အိမ်တွေကို ရှို့တယ် လို့ ယူဆရတယ်ဗျာ။ ဒီလာသွားတဲ့ ကောင်တွေကတော့ သူတို့ လက်လှမ်းမီတာ လျှောက်ရှို့သွားတာပဲဗျ”

"တွေ့ကရာအိမ်၊ သူတို့လက်လှမ်းသင့်ရာအိမ်ကို ရှို့သွားတာဗျ"

ရေလယ်ကျွန်းဒေသမှာ ဒေသကာကွယ်ရေးပြောက်ကျားတပ်တွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကြာခဏ ဝင်ရောက်မီးရှို့နေတာဖြစ်ပြီး ဒီတစ်ခေါက် မီးအရှို့ခံရတဲ့အိမ်တွေအများစုဟာ ပိုက်ဆံရှိတဲ့ အိမ်ကြီး၊ ဆိုင်ကြီးတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရေလယ်ကျွန်းမှာရှိတဲ့ ရွာလေးရွာကို စစ်ကောင်စီတပ်သား တွေ ဝင်ရောက် မီးရှို့တာကြောင့် နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ပြီး ဧပြီလ ၂ ရက်နေ့ကလည်း နောက်ထပ်တစ်ကြိမ် ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် အလုံး ၂၀ ခန့် ထပ်မံပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာ ရွာပေါင်း ၄၀ ကျော်ရှိပြီး ဒီအကြိမ် မီးရှို့ခံရတာ သုံးကြိမ်မြောက် ဖြစ်ပါတယ်။

စစ်တပ်မီးရှို့ခဲ့သည့် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှ မီးလောင်နေသည့် နေအိမ်များကို YSO NO-1 ပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူတွေ ငြှိမ်းသတ်ပေးနေစဥ် (ဓါတ်ပုံ - ရေစကြို သတင်းပေါင်းစုံ မီဒီယာ)
စစ်တပ်မီးရှို့ခဲ့သည့် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှ မီးလောင်နေသည့် နေအိမ်များကို YSO NO-1 ပြောက်ကျားတပ်ဖွဲ့နှင့် ပြည်သူတွေ ငြှိမ်းသတ်ပေးနေစဥ် (ဓါတ်ပုံ - ရေစကြို သတင်းပေါင်းစုံ မီဒီယာ)

မေလ ၁၀ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မဲကုန်းရွာအနားမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေလယ်ကျွန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

“မဲကုန်းရွာမှာ ခဏထိတွေ့တိုက်ပွဲ ဖြစ်တယ်။ မြေတော် ဝင်ခါနီးလေးမှာ မိုင်းဆွဲခံရတာ ရှိတယ်။ မနေ့ညနေ စောင်း မှောင်ခါနီးလောက်ကတော့ ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ် တယ်ဗျ။ အဲဒီတစ်ကြိမ်မှာတော့ ကျနော်တို့ ဘက်က ရဲဘော်တစ်ဦး ကျဆုံးသွားတယ်ဗျ။ အခုလက်ရှိ မနက် အခုအချိန်မှာကိုပဲ လှေခုတ် ဝင်ခါနီးလေးမှာ တိုက်ပွဲဖြစ်နေတယ် လို့ ကြားတယ်ဗျ”

ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဟာ စစ်ကြောင်း မဲကုန်းရွာကို ဝင်ရောက်ချိန်ကစပြီး ဒီနေ့အချိန်အထိ ရင်ဆိုင် တိုက်နေပေမယ့် လူအင်အားသာရှိပြီး လက်နက်အင်အား မရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အခုလို နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေပေမယ့် ဒီနေ့ညနေပိုင်းအထိ ဖုန်းခေါ်လို့ မရသေးပါဘူး။

ဒါပေမဲ့ ရွာတွေ မီးရှို့ဖျက်ဆီးတာတွေကို စစ်သားတွေလုပ်တာ မဟုတ်ဘူးလို့ ဧပြီလ ၄ ရက်နေ့ RFA က မေးမြန်းချိန်မှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

"အဓိကဖြစ်နေတဲ့အကြောင်းအရာက ပြည်သူ့စစ် ဖွဲ့စည်းထားတဲ့နေရာတွေကို PDF တွေနဲ့ တချို့ EAO တွေ ပေါင်းပြီး တိုက်ခိုက်ခဲ့တာတွေရှိတယ်။ တိုက်ခိုက်ပြီး ပြန်လည် ထွက်ခွာတဲ့အခါမှာ မီးရှို့ဖျက်ဆီးသွားတာတွေ ရှိတယ်။ ဒါတွေကို တပ်ကပဲလုပ်သလို၊ သူတို့စွပ်စွဲနေကျစကားလို ပျူစောထီးကပဲလုပ်သလို၊ ပျူစောထီးဆိုတာ ရှိလည်း မရှိပါဘူး၊ နိုင်ငံတော်အစိုးရအနေနဲ့က ရွာတွေမှာ မီးလောင်သွားခဲ့ရင် ကျနော်တို့ပဲ ကူညီစောင့်ရှောက်ရမှာဖြစ်တယ်။ ကိုယ်ဒုက္ခရောက်စေမယ့်ကိစ္စမျိုး လုပ်စရာ အကြောင်းမရှိဘူး"

တစ်နိုင်ငံလုံးက နေအိမ် မီးရှို့ခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ ၂ဝ၂၂ ခုနှစ် မေလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ၂ဝ၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက် စစ်တပ်အာဏာ သိမ်းချိန်ကနေ အခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တစ်နှစ် ကျော်အတွင်း နေအိမ်အလုံး ပေါင်း ၁၁,၄၀၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ မကွေးတိုင်းက နေအိမ် ၂၁၀၀ လုံးနဲ့ မီးရှို့ခံရမှု ဒုတိယအများဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့