ကရင်ပြည်နယ် ဘားအံထောင်တွင်း ဆန္ဒပြမှုကြောင့် အစာဖြတ်၊ တိုက်ပိတ်ထားတဲ့ လုပ်ရပ် အပါအဝင် အကျဉ်းထောင်တချို့မှာ နိုင်ငံရေးအကျဉ်းသားတွေ ညှဥ်းပန်းနှိပ်စက်ခံနေရတဲ့အပေါ် ရှုတ်ချကြောင်း နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက မေလ ၁၂ ရက် ဒီနေ့ထုတ်ပြန် လိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရေးနဲ့ ရေးသားထားတဲ့ အဲဒီထုတ်ပြန်ချက်ကို နေပြည်တော် အချုပ်ထောင်တွင်းကနေ အပြင်ကို ဖြန့်ဝေလိုက်တာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“အချုပ်ထောင်ထဲကနေ စာထွက်လာတာပါ။ ဒီစာကို နေပြည်တော်အချုပ်ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေက သူတို့ရဲ့ သဘောထားကို အပြင်ကလူတွေသိနိုင်ဖို့ သူတို့ ထုတ်ပြန်ခဲ့တာ”
အဲဒီထုတ်ပြန်ချက်မှာ ဘားအံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၆ ယောက်ကို အကြောင်းအရာမသိရဘဲ စစ်ကောင်စီက ခေါ်ထုတ်သွားတဲ့အပေါ် ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ဆန္ဒပြတာကို အင်အားသုံး နှိမ်နင်းခဲ့တာကြောင့် ခုနစ်ယောက် ဒဏ်ရာ ပြင်းထန်ပြီး ၁၇ ယောက် အစာဖြတ် တိုက်ပိတ်ခံထားတာကို ကြားသိရတယ်လို့ ပါရှိပါတယ်။
ဘားအံထောင်အပြင် အင်းစိန်၊ အိုးဘို၊ မုံရွာထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေလည်း ညှဥ်းပန်းနှိပ်စက် မှုတွေ ခံနေရပြီး ဒီအပေါ်မှာ လက်ခံခွင့်လွှတ်နိုင်စရာမရှိဘူးလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ နေပြည်တော်အချုပ်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေကလည်း ထပ်တူထပ်မျှ စာနာခံစားရတာကြောင့် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနကို ဘက်ပေါင်းစုံကနေ ဆန့်ကျင် တော်လှန်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နိုင်ငံတစ်ဝန်းလုံးက အကျဉ်းထောင်အသီးသီးမှာ ရှိကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနကို ဆန့်ကျင်တော်လှန်ဖို့ တိုက်တွန်းကြောင်းလည်း ပါရှိပါတယ်။
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်ထဲမှာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ဆန္ဒပြခဲ့တဲ့ လူငယ် ၁၉ ဦးဟာ တိုက်ပိတ်ခံထားရသလို ညှဥ်းပန်းနှိပ်စက်မှုတွေလည်း ခံနေရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။
အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကတော့ ဘားအံထောင်မှာ ထောင်တွင်းဆန္ဒပြတာနဲ့ တိုက်ပိတ်ခံထားရတာ မရှိဘဲ ပုံမှန်လုံခြုံရေးလုပ်ငန်း ဆောင်ရွက်နေတာတွေပဲ ရှိတယ်လို့ မေလ ၁၁ ရက် မနေ့က RFA ကို ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်တပ်က အာဏာသိမ်းတဲ့ အချိန်ကနေ မေလ ၁၁ ရက် မနေ့ကအထိ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ဆန့်ကျင်လို့ ဖမ်းဆီးခံခဲ့ရသူ ၁၃,၆၆၁ ဦး ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်ကောင်စီရဲ့ နည်းမျိုးစုံသုံးပြီး ညှဉ်းပန်း၊ နှိပ်စက်၊ ဖိနှိပ်တာကို ခံနေရတယ် ဆိုတာ မမေ့မလျော့ဘဲ ပြည်သူလူထုက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့ ကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က AAPP က ထုတ်ပြန်ပြောဆိုထားပါတယ်။