CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီခေါ်နေ

2022.05.17
CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီခေါ်နေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြသည့် ရန်ကုန်မြို့မှ ပညာရေးဝန်ထမ်းများကို တွေ့ရစဥ်
Photo: RFA

စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ အခြေခံပညာ ဝန်ထမ်းတွေကို လာမယ့် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ တာဝန်ပြန်လည်ထမ်းဆောင်ဖို့ မေလ ၁၇ ရက်နေ့ ဒီနေ့ စစ်ကောင်စီပိုင် သတင်းစာကနေ ဖိတ်ခေါ်နေပါတယ်။

တာဝန်ပြန်ထမ်းဆောင်မယ့် CDM ဝန်ထမ်းတွေရဲ့ ပျက်ကွက်ခဲ့တဲ့ ကာလတွေကို လစာမဲ့ခွင့်အဖြစ် သတ်မှတ်မှာဖြစ်ပြီး ကြီးလေးတဲ့ ရာဇဝတ်မှု ကျူးလွန်ထားသူတွေက လွဲပြီး တာဝန်ပြန်လည်ထမ်းဆောင်နိုင်မှာ ဖြစ်တယ်လို့ အဲ့ဒီကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

တာဝန်ပြန်လည်ထမ်းဆောင်လိုတဲ့ အခြေခံပညာ ဝန်ထမ်းတွေအနေနဲ့ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျောင်း၊ ပညာရေးမှူးရုံး စတဲ့ နေရာတွေမှာ အယူခံလွှာ တင်သွင်းရမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

CDM လုပ်ထားတဲ့ အမည်မဖော်လိုတဲ့ အလယ်တန်းပြ ဆရာမတစ်ဦးကတာ့ စာသင်ခန်းကိုချစ်ပေမယ့် ဘယ်လိုပဲပြန်ခေါ်ခေါ် ပြန်မသွားဘူးလို့ ပြောပါတယ်။

"နံပါတ်တစ်အချက် ဒီလိုပြန်ခေါ်တဲ့အပေါ် မရိုးသားဘူးလို့ မြင်ပါတယ်။ နံပါတ် နှစ်အချက် တစ်နှစ်ကျော်လာပါပြီ CDM ဝင်ခဲ့တာ၊ အခုမှတော့ ဘယ်လိုနည်းလမ်း သုံးပြီးခေါ်ခေါ် ပြန်မသွားပါဘူး၊ စာသင်ခန်းကို ချစ်ပါတယ်။ ဒါပေမဲ့ အာဏာရှင်ကို ဆက်တိုက်နေဦးမယ်"

အဲ့ဒီအလယ်တန်းပြဆရာမဟာ ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့က CDM ဝင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီ ဦးဆောင်နေတဲ့ လက်ရှိပညာရေးစနစ်ဟာ နားလည်တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတွေ မပါဝင်တာကြောင့် အခုလို ဖိတ်ခေါ်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်က အမည်မဖော်လိုတဲ့ ဆရာတစ်ဦးက ပြောပါတယ်။

"ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ ဆွဲခန့်တွေနဲ့ လည်ပတ်ခဲ့ရတာ၊ ပြောရရင် သူတို့ထင်ထား သလို ပညာရေးစနစ်တစ်ခု ဖြစ်မလာတော့ CDM ဆရာ၊ ဆရာမတွေကို အချိုသတ်ပြီး ပြန်ခေါ်တာပါ၊ စစ်ကောင်စီပညာရေးဆိုတာ ဘာမှ အနှစ်မရှိဘဲ စာရွက်ပေါ်မှာပဲရှိတဲ့ ဟန်ပြပညာရေးမို့လို့ ဘယ်ဆရာ၊ ဆရာမမှ ပြန်သွားမှာ မဟုတ်ဘူး"

အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်လိုတဲ့ ပညာရေးကဏ္ဍက CDM ဝင်ထားတဲ့ဝန်ထမ်း တစ်သိန်းသုံးသောင်းနီးပါးကို စစ်ကောင်စီဘက်က အလုပ်တာဝန် ကနေ ရပ်စဲခဲ့သလို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။