စစ်ကောင်စီဥက္ကဋ္ဌ ရုရှားနိုင်ငံရောက်ရှိ

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မနေ့က စက်တင်ဘာ ၄ ရက် ညနေပိုင်းမှာ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့ကို ရောက်ရှိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက ဒီကနေ့ စက်တင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ တတိယ အကြမ်မြောက် ရုရှားနိုင်ငံကို သွားရောက်တာဖြစ်ပါတယ်။

ရုရှားမီဒီယာတွေကတော့ ဒီခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တရုတ်ပြည်သူ့ကွန်ဂရက်စ် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ၊ အာမေးနီးယားဝန်ကြီးချုပ်နဲ့ မွန်ဂိုလီယား ဝန်ကြီးချုပ်တို့ဟာ စက်တင်ဘာ ၇ ရက်မှာ ရုရှားသမ္မတနဲ့ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ် ကျင်းပမယ်လို့ ရေးသားနေကြပါတယ်။

ဒီခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌနဲ့ ရုရှားသမ္မတ တို့ သီးသန့်တွေ့ဆုံဖို့ ရှိမရှိကိုတော့ တိတိကျကျ မဖော်ပြပါဘူး။

စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဋ္ဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း ခရီးစဉ်အတွင်း ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ကိုတက်ရောက်တာအပြင် ရုရှား အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာ၊ ရုရှားနိုင်ငံက အထင်ကရနေရာတွေ၊ တက္ကသိုလ်တွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေကို သွားရောက်လေ့လာမယ်လို့ ဖော်ပြထားပါတယ်။