တိုင်းရင်းသားဒေသတွေအရေး ဂျပန်နိုင်ငံခြားရေး ဒု-ဝန်ကြီးနဲ့ ကာချုပ်ဆွေးနွေး

2019-01-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
 ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စ တိုရှိကို အာဘေးတို့ ၂ဝ၁၉ ဇန်နဝါရီ ၁၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စ တိုရှိကို အာဘေးတို့ ၂ဝ၁၉ ဇန်နဝါရီ ၁၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။
Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရခိုင်ပြည်နယ်အရေးအတွက် ဖွဲ့ထားတဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးချက်တွေဟာ ပွင့်လင်းမြင် သာပြီး အများယုံကြည်မှုရှိအောင် တိတိကျကျဆောင်ရွက်ဖို့နဲ့ မြန်မာအစိုးရကလည်း အဲဒီအဖွဲ့ရဲ့တွေ့ရှိချက်အတိုင်း အရေးယူဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စ တိုရှိကို အာဘေး က မြန်မာအစိုးရအာဏာပိုင်တွေကိုရော၊ တပ်မတော်အကြီးအကဲကိုပါ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကိစ္စကို သင့်တော်အောင် ပြန်ပြီးဆောင်ရွက်ပေးဖို့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

တပြိုင်နက်တည်းမှာပဲ မြန်မာ့တပ်မတော်က လေးလ အပစ်အခတ်ရပ်နားထားမယ်လို့ ကြေညာတာကို ဂျပန်အနေနဲ့ ကြိုဆိုကြောင်း ပြောဆိုသလို စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးမယ့်အဖွဲ့တွေကို ခွင့်ပြုပေးဖို့လည်း ဒုဝန်ကြီး မစ္စ တိုရှိကို အာဘေး က တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ မြန်မာနိုင်ငံကို လာခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီးဟာ ၁၆ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးသောင်းထွန်း၊ ဒေါက်တာ ဝင်းမြတ်အေးတို့နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး အဲဒီကိစ္စတွေ ဆွေးနွေးခဲ့တာလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သူတို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်တွေချုပ်ဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို နှောင့်နှေးကြန့်ကြာမှုမရှိအောင် ဆောင်ရွက်မယ်လို့ ဂျပန်ဒုဝန်ကြီးကို ပြန်လည်ပြောဆိုတယ်လို့ ဆိုပါတယ်။

မစ္စ တိုရှိကို အာဘေး ဟာ ဇန်နဝါရီလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေး ရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနဲ့ ပန်းတောပြင်ကျေးရွာတို့ကို သွားပြီး၊ ပြန်လာမယ့် ရိုဟင်ဂျာတွေကို နေရာချထားပေးဖို့ ဆောက်လုပ်ထားတဲ့ နေရာတွေကို လေ့လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဂျပန်အစိုးရ အထောက်အပံ့နဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတဲ့ ရခိုင်ပြည်နယ်ထဲက ဖွံ့ဖြိုးရေးအစီအစဉ်တွေကို လေ့လာခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့