ဌာနပိုင်ဂိုဒေါင်ထဲက ပစ္စည်းခိုးထုတ်တဲ့ ထွေအုပ်ဝန်ထမ်းတွေကို အမှုဖွင့်


2017.11.03
minbu-622.jpeg မင်းဘူးမြို့အဝင် ဆိုင်းပုဒ်ကို တွေ့ရစဉ်
.

မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဂိုဒေါင်အတွင်းက ပစ္စည်းတွေကို သယ်ထုတ်ခဲ့တဲ့ မင်းဘူး ခရိုင်ထွေအုပ်ရုံးက ဌာနခွဲစာရေးကြီး နှစ်ဦးအပါအဝင် ၄ ဦးကို ခိုးမှုနဲ့ အမှုဖွင့်ထားတယ်လို့ မင်းဘူးမြို့မရဲစခန်းက စခန်းမှူး ကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ညက မင်းဘူးမြို့နယ် ထွေအုပ်ရုံးပိုင် ဂိုဒေါင်အတွင်းကနေ ပီနန်အိတ်တွေနဲ့ ပစ္စည်းတွေကို လိုက်ထရပ်ကားနဲ့ သယ်လာတာတွေ့လို့ မြို့ခံတစ်ဦးက ကားကို တားဆီးကာ ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ မင်းဘူးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးမြင့်ဇော် ကပြောပါတယ်။

"ကျနော်တို့ ဒီမင်းဘူးမြို့မှာနေတဲ့ ကိုနေဝင်းဆိုသူက ဒီသတင်းကြားတော့ သူတို့ဘာသာသူတို့ ဖမ်းလာတာ ဖမ်းပြီးတော့မှ ရဲကိုလှမ်းအကြောင်းကြားတာ၊သူတို့ကိုယ်တိုင်ပဲ တရားလိုလုပ်တာပါ၊ စုစုပေါင်းလေးဦးပေါ့၊ လေးဦးမှာ လောလောဆယ် တစ်ယောက်ကတော့ မမိသေးဘူးပေါ့လေ၊ သုံးဦးမှာ နှစ်ဦးကတော့ ဒီမင်းဘူး ခရက (ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး)က စာရေးကြီးတွေပေါ့၊ ဌာနခွဲစာရေးကြီးတွေပေါ့၊ တစ်ယောက်ကတော့ အရပ်သားပါ၊ ကားပိုင်ရှင်က အရပ်သား၊ သူကတော့ ကားငှားလို့ လိုက်တာပေါ့၊ ထွက်ပြေးတဲ့သူက ယာဉ်မောင်းပေါ့"

ပစ္စည်းတွေ ထုတ်ယူခဲ့တဲ့ ဂိုဒေါင်ဟာ ဌာနက အသုံးမပြုတော့တဲ့ ဂိုဒေါင်ဟောင်းဆိုပြီး မြို့နယ်ထွေအုပ်ရုံး တာဝန်ရှိသူဆီကနေ သိထားရတယ်လို့ ဒုရဲမှူး မြင့်ဇော် က ပြောပါတယ်။

လိုက်ထရပ်ကားပေါ်က ပီနန်အိတ်ထဲမှာ အဝတ်အစားတွေ၊ သင်္ကန်းတွေကိုနဲ့ ဆန်အိတ်တွေ၊ အသုံးအဆောင် ပစ္စည်းတွေကိုပါ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီအမှုကို လက်ရှိအချိန်မှာတော့ ပုဒ်မ ၃၈၀(ခိုးမှု) နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ မင်းဘူးမြို့မရဲစခန်းက သိရပါတယ်။

စစ်ဆေးတွေ့ရှိတဲ့ပစ္စည်းတွေက ရေဘေးကယ်ဆယ်ရေးပစ္စည်းတွေလို စစ်ဆေးတွေ့ရှိရတဲ့အတွက် သက်ဆိုင်ရာ ဥပဒေအရာရှိဆီမှာ ဥပဒေပိုင်းအရ အကြံဉာဏ်တောင်းခံထားပြီး တရားစွဲဆိုတဲ့အခါမှာတော့ လက်ရှိဖွင့်ထားတဲ့ ပုဒ်မပြောင်းလဲသွားနိုင်တယ်လို့ ဒုရဲမှူး ဦးမြင့်ဇော် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။