မင်းတပ်မြို့နယ်ထဲ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံး

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ် မင်းတပ်-မတူပီ ကားလမ်းမကြီးပေါ်မှာ မေလ ၉ ရက် မနေ့က စစ်ကောင်စီတပ်ယာဉ်တန်းကို CDF မင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အနီးကပ်တိုက်ပွဲပါ ဖြစ်လို့ စစ်ကောင်စီ တပ်ဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ မင်းတပ် CDF သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မင်းတပ်-မတူပီ ကားလမ်းပေါ် မိုင်တိုင်အမှတ် ၂၅ မှာ မနေ့က မနက် ၁၁ နာရီကစပြီး အနီးကပ် တိုက်ပွဲ ဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်ဘက်က ၁၀ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ် CDF အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ မင်းတပ် CDF က ထောင်ထားတဲ့ မိုင်းကွင်းထဲ ရောက်ရှိခဲ့တာ ကြောင့် CDF မင်းတပ်က မိုင်းခွဲလိုက်လို့ စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော် ထပ်မံသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ မေလ ၁၀ ရက်နေ့ မနက်မှာလည်း မိုင်တိုင်အမှတ် ၁၉ နားကို စစ်ကောင်စီ တပ်ယာဉ်တန်း ထပ်မံ ရောက်လာခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပ စ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်က မတူပီမြို့ မတူပီ-မင်းတပ်လမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ်တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ မတူပီ CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။