မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံး

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ မနာတာအုပ်စု၊ ရမ်ပန်းကျေးရွာကို ဇွန် ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦးသေဆုံးကာ နောက်တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူဟာ ဦးလောဖေဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီရွာက ဒေသခံတွေ လေကြောင်းလာတဲ့အချိန်မှာ အချိန်မီ ဗုံးခိုကျင်းထဲ ပုန်းခိုသွားနိုင်လို့ ထိခိုက်မှုက နည်းသွားတာ တစ်ယောက်တော့ သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်”

ဒီအပြင် နေအိမ်ရှစ်လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ‌ဖြေကြားတာ မရှိပါဘူး။

RFA ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်းအရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။