မင်းတပ်မြို့မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

RFA Burmese
2023.09.26
မင်းတပ်မြို့မှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့တွင်းတစ်နေရာကို တွေ့ရစဉ်။
RFA

ချင်းပြည်နယ် မင်းတပ်မြို့အဝင်ပန်းခြံအနီး စက်တင်ဘာ ၂၆ ရက် ဒီမနက် ၁၀ နာရီ ဝန်းကျင်က မြေမြှုပ်မိုင်းနင်းမိပြီး အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သူတို့နှစ်ဦးဟာ တောင်ယာသွားရင်းလမ်းမှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ တောင်ယာသွားကြတာ။ အဲကနေ ထိသွားတာ။ မင်းတပ်မြို့ ပတ်ဝန်းကျင် ရပ်ကွက်ထဲက CDF တွေ လာနိုင်မယ်ထင်တဲ့နေရာတွေကို စစ်ကောင်စီက မိုင်းတွေ ထောင်ထားတယ်။ မြို့အဝင်မှာဆို စစ်ကောင်စီ တပ်ဂိတ်လည်း ရှိတယ်။ CDF တွေကလည်း မြို့အဝင်နားကို ခဏခဏ လာပစ်လေ့ရှိတော့ စကစ ကထောင်တဲ့ မိုင်းပဲ ဖြစ်တယ်”

ဒဏ်ရာရတဲ့ အမျိုးသမီးဟာ မင်းတပ်မြို့ ဆေးရုံမှာ ဆေးကုသမူခံယူနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်က မင်းတပ်မြို့အဝင်မှာ မြေမြှုပ်မိုင်းတွေထောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ ချင်းပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြား တာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ခုနှစ် ဩဂုတ်လအထိ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား နှစ်ဆယ်ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။