မုန်တိုင်းကြောင့် နေအိမ် ၆၀၀ ခန့်ပျက်စီးခဲ့တဲ့ မင်းတပ်မှာ စားနပ်ရိက္ခာအကူအညီလိုနေ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မင်းတပ်မြို့နယ် ရွာ ၂၄ ရွာက နေအိမ်ခြောက်ရာနီးပါးနဲ့ စပါးကျီ ၁၅၀ ကျော် ပျက်စီးခဲ့တာကြောင့် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း မင်းတပ်မြို့နယ်ထဲမှာ နေအိမ်နဲ့စပါးကျီတွေအပြင် ဘာသာရေးအဆောက်အအုံ ၂၃ ခု၊ အစိုးရဌာနဆိုင်ရာ အဆောက်အအုံ ၉၄ ခု၊ ကျွဲ၊ နွား ၁၄ ကောင် သေဆုံးခဲ့တယ်လို့ မေလ ၁၉ ရက်မနေ့က ထုတ်ပြန်ပါတယ်။

မင်းတပ်ဒေသခံတွေဟာ ဆန်နဲ့စားနပ်ရိက္ခာတွေ လိုအပ်နေပြီး ကားလမ်း၊ မြေသားလမ်းတွေ ပြိုကျပျက်စီးခဲ့တာကြောင့် ဆေးဝါးနဲ့ကုန်စည်တွေလည်း သယ်ဖို့ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်ကတော့ နေအိမ်လုံးဝပျက်စီးသွားတဲ့ ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးတွေဆီ သွားနေကြရသလို တချို့ဒေသခံတွေကတော့ ဘုရားကျောင်းတွေထဲ နေထိုင်ကြရတယ်လို့ RFA ကိုပြောပါတယ်။

“ အိမ်လုံးဝပျက်သွားတဲ့ ဒေသခံကျတော့ ဆွေမျိုးတွေဆီနေတယ်။ အိမ် ကောင်းသေးတယ် နည်းနည်းပဲ ပျက်စီးတယ်ဆိုရင် ပြန်ပြုပြင်ပြီးတော့နေကြရတယ်။ စပါးကျီတွေပျက်သွားတော့ ဒေသခံတွေအတွက် စားနပ်ရိက္ခာအကူအညီ လိုအပ်နေပါတယ် ”

မင်းတပ်မြို့နယ်ဟာ ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှု ဒုတိယအများဆုံးဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒီအတွက်ကြောင့် မင်းတပ်မြို့နယ်ထဲက ဒေသခံတွေစားနပ်ရိက္ခာလိုအပ်ချက်အတွက် အကူအညီပေးကြဖို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကတော့ ချင်းပြည်နယ်ထဲက တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့နယ်တွေကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် မေလ ၁၆ ရက်က ကြေညာခဲ့ပါတယ်။