ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အကြား ပက်ခွက်ဆိပ်ကျေးရွာနဲ့ ပြိုင်းတောကျေးရွာတွေ အနီးမှာ ရဲတပ်ဖွဲ့ယာဉ်တန်းကို AA အဖွဲ့က မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ရဲအရာရှိတစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ကျဆုံးပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
အမှတ်(၄) လုံခြုံရေးရဲ ကွပ်ကဲမှုအဖွဲ့မှူးရုံးက ရဲမှူး ဦးစီးတဲ့ တပ်ခွဲတစ်ခွဲဟာ မြောက်ဦးမြို့မှာ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်အပြီး ပြန်လာရာမှာ တိုက်ခိုက်ခံရတာလို့ ပါရှိပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် သုံးစီး ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ကို RFA က ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။