ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်၊ ကုန်းကတ်ကျေးရွာအနီးတဝိုက်က ဒေသခံလူငယ် အယောက် ၅၀ ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က တပ်သားသစ်အဖြစ် မနေ့က ခေါ်ဆောင် သွားတယ်လို့ နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ က ပြောပါတယ်။
အဲဒီလူငယ်အယောက် ၅၀ ထဲမှာ NLD ပါတီဝင် လူငယ် ၄ ယောက်လည်း ပါသွားတယ်လို့ နမ့်စန်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးနေဇော်နိုင် က ပြောပါတယ်။
"ကျနော့်ကို လင်းခေးခရိုင် အတွင်းရေးမှူး လှမ်းပြောတာကတော့ ရွာတွေကလည်း လူငယ်အယောက် ၅၀ လောက်ပါသွားတယ်တဲ့၊ တစ်ခြားရွာတွေက၊ ကုန်းကတ်ကျေးရွာကတော့ ကျနော်တို့ ထူးထူးဆန်းဆန်း NLD လူငယ် ၄ ယောက် ပါသွားတယ်၊ အဲဒါကိုတော့ ကျနော်တို့က သဘောမတူနိုင်ဘူးဗျ၊ NLD လူငယ်တွေက ကျနော်တို့မှာ ပါတီနိုင်ငံရေးအတွက် အလုပ်လုပ်စရာတွေက အများကြီးရှိနေတယ်ဗျ၊ သူတို့ မိဘတွေကတော့ တော်တော်လေး စိုးရိမ်ပူပန်နေကြတာပေါ့၊ သူတို့က မနေ့ကပြောပုံဆိုရင် သင်တန်းကျောင်းကိုတောင် တစ်ခါတည်းပို့လိုက်တယ်လို့ ပြောတယ်ဗျ၊ အဲဒါကြောင့် ကျနော်တို့လည်း စိတ်ပူကြတာပေါ့"
အဲဒီ NLD ပါတီဝင် လူငယ် ၄ ယောက်ဟာ မိုင်းပန်မြို့နယ်၊ ကုန်းကတ်ကျေးရွာမှာ နေထိုင်သူတွေ ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်တွေ ဖြစ်ပါတယ်။
RCSS/SSA ဘက်က အဲဒီလိုမခေါ်ခင်မှာ ဒေသတဝိုက်က လူငယ်တွေကို စာရင်းတွေ ကောက်ယူထားပြီး စာရင်း ထဲ ပါသူတွေကို ကျေးရွာ တာဝန်ရှိသူတွေနဲ့ မိဘဆွေမျိုးတွေထံ အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သိထားရ ကြောင်းလည်း ဦးနေဇော်နိုင် က ပြောပါတယ်။
မသွားဘူးဆိုရင် ကျန်တဲ့ မိဘဆွေမျိုးတွေ ခြိမ်းခြောက်ခံရမှာ စိုးရိမ်တဲ့အတွက် မဖြစ်မနေကို လိုက်သွားကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီအခြေအနေတွေကို ရှမ်းပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ နဲ့ ပါတီဗဟိုထံ တင်ပြထားတယ်လို့ သိရပါတယ်။
အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး RCSS/SSA က ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးကို RFA က ဆက်သွယ်မေးမြန်း ရာမှာ အဲဒီကိစ္စကို သူ့အနေနဲ့ မသိကြောင်းနဲ့ အတည်မပြုပေးနိုင်ဘူးလို့ ပြောပါတယ်။
RCSS/SSA ဟာ အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ကလည်း မိုင်းကိုင်မြို့နယ်အတွင်းက ကျေးရွာတဝိုက်မှာ အစိုးရတပ်မတော်နဲ့ RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
