စစ်တပ်ခန့်အစိုးရက ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ပြီး တစ်ဖက်မှာ စစ်ရေး အရအရှိန်မြှင့်ဖိအားပေးနေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
ဒါဟာ စစ်ဗိုလ်ချုပ်တွေအစိုးရဖြစ်ရင် အမြဲလုပ်တတ်တဲ့ဗျူဟာြဖစ်တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ထောက်ပြပါတယ်။
“ဒါသူ့ရဲ့အမြဲတမ်းလုပ်နေတဲ့ ဗျူဟာတစ်ခုလို့ မြင်ရပါတယ်။ အခုလည်း ဒီငြိမ်းချမ်းရေး ဖိတ်ခေါ်တာ လည်း ရက်ပေါင်းတစ်ရာလို့ပြောတာပေါ့။ နောက် စစ်ဆင်ရေးလုပ်ဖို့ မြို့နယ်ခြောက်ဆယ်ကို စိန်ခေါ် ထားတာလည်း ရက်ပေါင်းခြောက်ဆယ်ဆိုတော့ လက်နက်နဲ့ခြိမ်းခြောက်ပြီးမှ စစ်ရေးနဲ့ ဖိအားပေးပြီးမှ လက်နက်ချခိုင်းတဲ့ပုံစံမျိုးနဲ့ငြိမ်းချမ်းရေးခေါ်တာလားပေါ့”
သမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်းက ရက်ပေါင်း တစ်ရာ ငြိမ်းချမ်းရေးဖိတ်ခေါ် ပြီးတဲ့ နောက်မှာပဲ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ စစ်ကိုင်းနဲ့ ကချင် နယ်စပ်က အင်းတော်နဲ့မော်လူးမြို့ကို အင်အားအလုံးအရင်းနဲ့ ပြန်သိမ်းလိုက်ပြီး မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို ထိန်းချုပ်ခဲ့ပါတယ်။ ဒါကြောင့် မဟာဗျူဟာအရအရေးပါတဲ့ ဗန်းမော် နဲ့ ဖားကန့် ဘက်ကို စစ်အင်အားဖြည့်ဖို့ ပြင်ဆင်လှုပ်ရှားနေတာတွေ့ရတယ်လို့ KIA က ပြောပါတယ်။
စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရမတရားစုဆောင်းထားတဲ့အင်အားကိုရော လေတပ်ကိုပါ သုံးနိုင်နေတဲ့အတွက် လတ်တလောအသာစီးရနေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုနွေဦးက RFA ကို ပြောပါတယ်။
“သူတို့မှာက မြေပြင်ရော ဝေဟင်ရော နှစ်ခုလုံးက ဟန်ချက်ညီနေတယ်။ ပုံမှန်အားဖြင့်ဆိုရင် မြေပြင်စစ်ကြောင်းတွေက ဘယ်လောက်ပဲများများ ရှေ့တိုးနိုင်တယ်ဆိုတာမရှိဘူး။ တပ်လန်ခဲ့တာ ကျခဲ့တာချည်းပဲ။ တပ်မလန်ဖို့အတွက်ဆို ဒီစစ်မှုထမ်းဥပဒေနဲ့ ရထားတဲ့ အင်အားတွေကို အလုံးအရင်း တိုးခိုင်းသလိုမျိုး သူတို့တိုးမဲ့နေရာတွေကိုလည်း လေကြောင်းနဲ့ အကုန်လုံးချေပေးတယ်ပေါ့။ ချေပေး ပြီးမှ မြေပြင်စစ်ကြောင်းတွေက တိုး တိုးလိုက်လာတယ်။ အဲဒီလိုမျိုးတွေနဲ့ အသာစီးတွေ ရတယ်”
ဒီလိုသုံးသပ်ပြောဆိုတာတွေနဲ့ပတ်သက်လို့ စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုးကို မေးကြည့် တဲ့အခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်လာဖို့ စစ်ရေးအရဖိအားပေးဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေး စကားဝိုင်းကိုရောက်အောင်ခေါ်ဖို့ဆိုတာက တစ်ဖက်ကစစ်ရေးအရ ထိုးနှက်နေရမှာ။ အဲဒီလိုနေရာမျိုးရောက်တော့မှ ခေါ်လို့ရတာ။ သူတို့ အသာစီးရနေတုန်းက ငြိမ်းချမ်းရေးခေါ်တဲ့ အချိန်က လုံးဝလှည့်တောင်မှမကြည့်ဘူးလေ။ ဗုံးတွေကြဲလိုက်တယ်။ TNLA လည်း မခံနိုင်ဘူး။ MNDAA လည်း မခံနိုင်ဘူး။ အပစ်အခတ်ရပ်စဲပါ့မယ် ဖြစ်သွားတာ။ ဒီသဘောပဲနော်”

ဒီနည်းကိုသုံးတာဟာ တော်လှန်ရေးအင်အားစုတွေကို စစ်ရေးအရအသာစီးယူပြီး အလျှော့ပေးလာ အောင်လုပ်နေတာလို့ CDM တပ်မတော်သား ဗိုလ်ကြီးဇင်ယော် က သုံးသပ်ပါတယ်။
“ငြိမ်းချမ်းရေးလို့သာ ခေါင်းစဉ်တပ်ထားတာပဲ။ အဓိက သူတို့နဲ့သွားပြီး စကားပြောပြီဆိုရင်ပဲ ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အလျှော့ပေးရတော့မှာပေါ့။ အလျှော့ပေးဖို့အတွက် ငြိမ်းချမ်းရေးဆိုတဲ့ ပုံစံမျိုးကို နေပြည်တော်အထိ ခေါ်နေတဲ့ အနေအထားမျိုးပေါ့။ ငြိမ်းချမ်းရေးကို သူတို့က တိုက်ပွဲနဲ့ အဖြေရှာပြီးကာမှာ သူတို့လိုချင်တဲ့ စားပွဲဝိုင်းကို ဇွတ်ဖိတ်စာလိုက်ပေးနေတဲ့ သဘောမျိုးလို့ မြင်တယ်ဗျ”
ဒါကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုနဲ့ စစ်တပ်အရာရှိ ဟောင်းတို့က သုံးသပ်ကြပါတယ်။
