ချင်းတော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်လို့အသိများတဲ့ ဖလမ်းကို စစ်တပ်က လေကြောင်းနဲ့ မြေပြင်တပ်အင်အား အများအပြား အသုံးချပြီး ၆ လကြာ ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ဧပြီလ ၂၅ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။
ဖလမ်းကို စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဘက်ကနေ အင်အားရာချီရှိတဲ့ စစ်ကြောင်း နှစ်ခုအပြင် တီးတိန်စစ်ကြောင်းတွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် လက်လွတ်ခဲ့ရတာလို့ ချင်းညီနောင် အဖွဲ့ဝင်ဖြစ်တဲ့ PDF Zoland က သတင်းထုတ်ပြန်တယ်လို့ Myanmar Now သတင်းမှာ ဖော်ပြထားပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး အချိန်ငါးလကျော်အကြာ ၂၀၂၅ ဧပြီလ ၇ ရက်နေ့မှာ စစ်ကောင်စီရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ - ၂၆၈ တပ်စခန်းကုန်းကို အပြီးသိမ်းပိုက်အပြီး မြို့ကိုအလုံးစုံ ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်ကို ချင်းညီနောင်က ထိန်းချုပ်ထားပြီး မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော် AA က ပလက်ဝကိုထိန်း ချုပ်ထားပါတယ်။
ပြည်နယ် မြောက်ပိုင်း ဟားခါးနဲ့ တီးတိန်မြို့တို့ကို စစ်တပ်ကမြို့ပေါ်မှာ ခြေကုပ်ယူထားပြီး တွန်းဇံ မြို့နယ်ကို ချင်းပြည်ကောင်စီက သိမ်းပိုက်ထားပါတယ်။ မြို့လုံးကျွတ်စစ်ဘေးရှောင်နေရတဲ့ ထန်တလန်မြို့ပေါ်ကိုတော့ ချင်းပြည်ကောင်စီနဲ့ စစ်တပ်က မြို့ကိုတစ်ဝက်စီ နေရာယူထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
