မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်

မီးကုန်းယမ်းကုန် စစ်တပ်ကထိုးစစ်ဆင်လာလို့ ခွာစစ်နဲ့ နောက်ပြန်ဆုတ်လိုက်ရတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နဲ့ အင်းတော်မြို့ကို စစ်တပ်က ဆက်လက်ထိုးစစ်ဆင်ထိန်းချုပ်ထားပါတယ်။ အင်းတော်မြို့နယ်ထဲက မော်လူးမြို့ကို မေလ ၅ ရက်မနက်ပိုင်းမှာ စစ်တပ်က ထိုးစစ်အလွန်အကျွံအသုံးပြုပြီးပြန်သိမ်းယူသွားတယ်လို့ အင်းတော်ဒေသခံတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

မေလ ၄ ရက်နေ့မှာ မော်လူးမြို့နဲ့သုံးမိုင်အကွာအထိ စစ်တပ်စစ်ကြောင်းတွေရောက်ရှိလာပြီး လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ၅ ရက်နေ့မနက်အစောပိုင်းမှာ လက်လွှတ်လိုက်ရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ကညပိုင်းကတည်းက စီပိန်းကနေ အင်အား ၂၀၀ ကျော်နဲ့ မော်လူးကိုတက်လာတာပေါ့။ လေယာဉ်နဲ့လည်း ကြဲတယ်။ လက်နက်ကြီး ဒရုန်းကလည်း ဆက်တိုက်ပစ်တာ။ ပြောရရင် မီးကုန်းယမ်းကုန်ကို စစ်တပ်ကထိုးစစ်ဆင်လာလို့ ခွာစစ်နဲ့ နောက်ပြန်ဆုတ်လိုက်ရတယ်”

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က အင်းတော်မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ တပ်မ - ၃၃ စစ်ကြောင်းဟာ မော်လူးမြို့ကို မေလ ၂ ရက်နေ့ကတည်းက အင်အားရာနဲ့ချီစစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ဆိုပါတယ်။

မော်လူးမြို့ဟာ ကချင်ပြည်နယ်ရဲ့ဝင်ပေါက်ဖြစ်နေတာကြောင့် စစ်ရေးအရ အတိုင်းအတာတစ်ခုအထိ အရေးပါတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“မော်လူးက စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့နောက်ဆုံးဘူတာပဲ။ သူ့ကိုကျော်ရင် ကချင်ဝင်ပေါက် နန့်စီးအောင်ပဲ။ အခုလည်း ကာကွယ်ရေးတပ်တွေက စနစ်တကျနဲ့ခွာစစ်ဆင် ဆုတ်သွားတယ်လို့ မြင်ရတယ်။ နန့်စီးအောင်မှာ စစ်တပ်ကို ကျုံးသွင်းပြီး KIAနဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေကို စစ်တပ်ကိုဆွဲခေါ်သွားတယ်လို့ မြင်ပါတယ်"

မော်လူးမြို့နယ်ကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး နှစ်နှစ်ကျော် စိုးမိုးထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ စစ်တပ်က မော်လူးမြို့ကိုသိမ်းပြီး မြို့အရှေ့ဘက်က တော်လှန်ရေးအင်အားစုတွေရှိနိုင်မယ့်နေရာတွေကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ မော်လူးမြို့မှာ လူဦးရေ ကိုးထောင်နီးပါးနေထိုင်ပြီး တိုက်နယ်ဆေးရုံ၊ ထွေအုပ်ရုံး၊ မီးသတ်ရုံး၊ ဆက်သွယ်ရေးရုံး၊ မီးသတ်ရုံး၊ သစ်တောရုံး၊ စည်ပင်၊ စိုက်ပျိုးရေးရုံးနဲ့ လျှပ်စစ်ရုံးတွေ စိုက်ထားတဲ့မြို့လည်း ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မြို့ပြင်တောတွေမှာ တိမ်းရှောင်နေကြပြီး အသက်အရွယ်ကြီးသူတချို့ပဲ မြို့မှာကျန်နေခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။