အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ PDF တပ်ဖွဲ့ နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းက မြို့ရွာတွေကို တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီလို့ မြန်မာစစ်တပ်က မေလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး -နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
PDF တပ်ဖွဲ့တွေ စိုးမိုးထားတဲ့ မတ္တရာမြို့နယ် ဖယောင်းတောင် သတ္တုတွင်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံ၊ ဆည်တော်ကြီးဒေသနဲ့ စဉ့်ကူးမြို့နယ်တို့ကို ၂၀၂၅ ခုနှစ်အတွင်းမှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး မတ္တရာ၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူးမြို့က တဆင့် မြစ်ကြီးနားထိ ကားလမ်းပိုင်းကို ၂၀၂၆ ခုနှစ် မေလ ၆ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
တစ်နှစ်ကျော်အတွင်း အဲဒီလမ်းပိုင်းမှာ တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ခဲ့ပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ နယ်မြေဆုံးရှုံးမှုတွေရှိပေမဲ့ ပိုကောင်းတဲ့ မဟာဗျူဟာတွေ၊ ပိုမိုသာလွန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ဗျူဟာမြောက်တိုက်ပွဲတွေအတွက် စစ်အင်အားစုဆောင်းနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ငါးနှစ်ပြည့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
“တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင် အမှန်တရားတွေ ရှိခဲ့ပါတယ်။ ဒါဟာ ရန်သူကို ကြောက်လို့မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေဖြစ်သလို ရှေ့ဆက်ရမဲ့ ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်းတာလည်း ဖြစ်ပါတယ်။ စစ်ရေးသဘော သဘာဝအရ လိုအပ်လာတဲ့အခါ တန်ပြန်ထိုးစစ်မှ ခုခံစစ်ကို တစ်ဖန်ဆင်နွှဲရတဲ့အခါ စိတ်ဓာတ်ရေးရာအရ အားလျော့မသွားကြဖို့ သတိပေးလိုပါတယ်”
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ စစ်တပ်ခန့်အစိုးရက ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့နဲ့ PDF တွေ ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ဆိုပြီး ဖိတ်ခေါ်ထားသလို တစ်ဘက်မှာလည်း PDF စိုးမိုးနယ်မြေတွေကို မြေပြင်နဲ့ ဝေဟင်ကပါ အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။
