ဆုံးရှုံးမှုတွေရှိသော်လည်းဆက်တိုက်ပွဲဝင်မည်ဟု NUG ယာယီသမ္မတပြော

စစ်တပ်ရဲ့ ပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကနေကာကွယ်ဖို့၊ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းနိုင်ဖို့ ရှေ့ပြေးအမြုတေအဖြစ် (PDF) ကိုဖွဲ့စည်းခဲ့။

လက်ရှိကာလဟာ နိုင်ငံရေးစိန်ခေါ်ချက်တွေ အများအပြားရှိနေသလို စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရတာတွေ လည်း ခပ်စိပ်စိပ်ကြုံနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက မေလ ၅ ရက်နေ့မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ငါးနှစ်ပြည့် မိန့်ခွန်း မှာထည့်သွင်းပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ လက်ရှိ အချိန်မှာ၊ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေ သလို၊ စစ်ရေးအရလက်လွှတ်ဆုံးရှုံးရမှုတချို့လည်း ခပ်စိပ်စိပ်ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့် အတက်အကျတွေ ရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး နောက်တစ်လှမ်း ဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အရှိပကတိတွေကို လျစ်လျှူရှုလို့ မရသလို ကျွန်တော်တို့ အားလုံးမျှော်လင့်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း မျက်ခြေပြတ်လို့ မရဘူးလို့ ပြောချင်ပါတယ်”

NUG ယာယီသမ္မတအပြင် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ကလည်း စစ်ရေးအရသိမ်းပိုက်ထားတဲ့မြို့တချို့ကို ယာယီစွန့်လွှတ်ခဲ့ရကြောင်း PDF ဖွဲ့စည်းတည်ထောင်ခြင်း မိန့်ခွန်းနဲ့ သဝဏ်လွှာတွေမှာ အသီးသီးထည့်သွင်းပြောဆိုကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေနဲ့ ၅ နှစ်အတွင်းရရှိခဲ့တဲ့ သင်ခန်းစာနဲ့အတွေ့အကြုံတွေကို ယူပြီး ပိုကောင်းတဲ့ မဟာဗျူဟာတွေ၊ ပိုမိုသာလွန်တဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ကျော်ဖြတ်ဖို့အတွက်လည်း NUG က တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စစ်တပ်အာဏာသိမ်းပြီး သုံးလအကြာ ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့ မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်တပ်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကနေကာကွယ်ဖို့၊ ပြည်တွင်းစစ်ချုပ်ငြိမ်း ဖို့နဲ့ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းနိုင်ဖို့ ရှေ့ပြေးအမြုတေအဖြစ် ပါဝင်ရေးတို့အတွက် ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း NUG က ကြေညာခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ စစ်တပ်ခန့်အစိုးရကတော့ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံး ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့နဲ့ PDF တွေ ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ဆိုပြီး ဖိတ်ခေါ်ထားသလို တစ်ဘက်မှာလည်း PDF စိုးမိုးနယ်မြေတွေအကို အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။

PDF တပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ခဲ့တဲ့ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်ခဲ့ပြီး လက်ရှိမှာလဲ မြင်းခြံခရိုင်က ရွာတွေကို မီးရှို့ပြီး နယ်မြေထိမ်းချုပ်ဖို့ ကြိုးစားနေပါတယ်။