မင်းကင်းမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲလို့ ကလေးအပါအဝင် သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဇွန်လ ၄ ရက်နေ့မှာ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းမြို့နယ် ပျဉ်းကိုင်းရွာထဲကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးတစ်လုံးကြဲချခဲ့တာကြောင့် ခရီးသွားရင်း ခရီးတစ်ထောက်နားနေတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ကလေးတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်လေယာဉ်တစ်စင်းက ပျဥ်းကိုင်းရွာထဲ ပေါင် ငါးရာဗုံးတစ်လုံး ကြဲချခဲ့တာ။ ယွန်းယွန်းထမင်းဆိုင်ရဲ့ မြောက်ဘက်ကိုချသွားတာ။ တည့်တည့်မကျသွားလို့ ဒဏ်ရာပဲရကြတာ။ သေဆုံးတာ မရှိလိုက်ဘူး"

ဒီမတိုင်ခင် ဇွန်လ ၃ ရက်နေ့ကတော့ မင်းကင်းမြို့နယ် တောမရွာက မင်္ဂလာဆောင်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီး ဇွန်လ ၅ ရက်နေ့အထိ စာရင်းတွေအရ သေဆုံးသူ ၂၉ ဦးရှိပြီး ဒဏ်ရာရသူက ၆၆ ဦးအထိရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောမရွာနဲ့ အနီးတစ်၀ိုက်ရွာတွေက ဒေသခံနှစ်ထောင်ကျော်ကတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ဒီနေ့အထိ နေရပ်မပြန်ရဲသေးဘဲ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အခမ်းအနားတစ်ခု တက်ရောက်နေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူက ၁၄၉၂ ဦးအထိ ရှိခဲ့ပါတယ်။