တောင်ကုတ် လူငယ်ကွန်ရက်ဥက္ကဋ္ဌ PDF ကို ထောက်ပံ့မှုနဲ့ စွဲချက်တင်ခံရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ တောင်ကုတ် လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုမင်းကိုဦး ဟာ မတ်လ ၁၀ ရက် ဒီနေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်ခံလိုက်ရတယ် လို့ ရုံးချိန်းကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဒေသခံ မသင်းသင်းဆွေက RFA ကို ပြောပါတယ်။

ဒီကနေ့ တရားရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက် ရှေ့နေတွေ လျှောက်လဲပြီး နောက် တရားရုံးက အခုလို စွဲချက်တင်ကြောင်း အမိန့်ချလိုက်တာလို့ မသင်းသင်းဆွေက ပြောပါတယ်။

"သူ့ကို ဒီနေ့ ရုံးထုတ်တယ်။ စွဲချက် တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေတွေ လျှောက်လဲချက် ပေးတယ်။ ပြီးတော့ တရားရုံးက စွဲချက်အမိန့်ချလိုက်တယ်။ ဆိုတော့ ကိုမင်းကိုဦး စွဲချက်တင်ခံလိုက်ရတာပေါ့"

အခုလို စွဲချက်တင်ခံလိုက်ရတာကြောင့် အမှုကို ဆက်လက်ရင်ဆိုင်ရတော့မှာဖြစ်ပြီး လာမယ့် မတ်လ ၁၄ ရက်နေ့ကို ရုံးချိန်းလိုက်တယ်လို့လည်း ဆိုပါတယ်။

ကိုမင်းကိုဦး ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ငွေကြေးထောက်ပံ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီနောက် တောင်ကုတ်မြို့မ ရဲစခန်းက ဒုရဲမှူး ဇော်လတ် က တရားလိုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀(ည)နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံရတာ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား လေးဦး စုစုပေါင်း ကိုးဦးအထိ ရှိနေပါတယ်။

မြောက်ဦးမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ လူငယ်စာရေးဆရာ ကိုမင်းဒီပါ (ခေါ်) ကိုအောင်မြင့်နိုင် ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ည)နဲ့ မြောက်ဦးခရိုင် တရားရုံးနေ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ ရပါတယ်။