လုံနယ်ဝန်ကြီးနေရာ ဗိုလ်မှူးကြီးမင်းသန်း ကို ခန့်အပ်ဖို့ ရခိုင်ပြည်နယ် လွှတ်တော်မှာတင်သွင်း

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နေရာမှာ ဗိုလ်မှူးကြီး မင်းသန်းကို အစားထိုးခန့်အပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ဗိုလ်မှူးကြီး ဖုန်းတင့်ဟာ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာကို လွန်ခဲ့တဲ့ ၂၀၁၇ ဇူလိုင်လကနေ စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။

ဗိုလ်မှူးကြီး ဖုန်းတင့်နေရာမှာ ဗိုလ်မှူးကြီး မင်းသန်းကို အစားထိုးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က ပြည်နယ်တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြောင်းလဲခဲ့တာပါ။

ဗိုလ်မှူးကြီး မင်းသန်းဟာ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကတိသစ္စာပြုခဲ့ပြီး ကန့်ကွက်လိုသူတွေရှိရင် အမည်စာရင်းတင်သွင်းဖို့ လွှတ်တော် ဥက္ကဋ္ဌက ကြေငြာခဲ့ပါတယ်။

ဗိုလ်မှူးကြီး မင်းသန်းကို ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေားရာဝန်ကြီးအဖြစ် ခန့်အပ်နိုင်ဖို့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးပြောင်းလည်းတာဟာလည်း လိုအပ်ချက်အရ ဆောင်ရွက်တာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် တပ်မတော်မှာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ လုပ်သက်ပြည့်လို့ တာဝန်လွှဲပြောင်းတာတွေ၊ လက်ရှိနေရာထက် ပိုမိုသင့်တော်တဲ့ နေရာကို ပြောင်းရွှေ့တာဝန်ချထားတာတွေပုံ မှန်လုပ်လေ့ရှိကြောင်းလည်း ပြောပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)