ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးချက်ကို တပ်မတော်သား ကိုယ်စားလှယ် ကန့်ကွက်
2018.05.24

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးရဲ့ ဆွေးနွေးချက်ကို တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးက ဒီနေ့ မတ်တပ်ရပ်ကန့်ကွက်ခဲ့ပြီး အဲဒီဆွေးနွေးချက်ကို ပြည်ထောင်စု လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ လူ့အခွင့်အရေးကော်မရှင်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာကို ကိုယ်စားလှယ် ၁၅ ဦး ဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးက မတ်တပ်ရပ် ကန့်ကွက်ခဲ့တာဖြစ် ပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားအချို့ဟာ ဒေသခံတိုင်းရင်းသားတွေအပေါ် ပြုမူဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကို ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လမှာ တိုင်ကြားခဲ့ပါတယ်။
အဲဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး ဒုတိယ တပ်ကြပ်တစ်ဦးကို စစ်စည်းကမ်းအရ အရေးယူခဲ့ပြီး ဗိုလ်မှူးကြီးအဆင့် ရှိသူတစ်ဦးကို အပြစ်ဖော်ပြသတိပေးဆုံးမမယ်လို့ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော် မရှင်ကို ကာကွယ်ရေးဝန်ကြီးဌာနက ပြန်ကြားခဲ့ပါတယ်။
ဒေါ်နန်းမိုးက အဲဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး သူ့ကို စာပြန်ကြားမူမရှိခဲ့ဘူးလို့ ဆွေးနွေးရာမှာ တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးက လူ့အခွင့်အရေးကော်မရှင်ကို ပြန်ကြားထားပြီးဖြစ်တဲ့အတွက် လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးဖို့ ကန့်ကွက်ခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော် နာယက ကလည်း အဲဒီဆွေးနွေးချက်ကို ပယ်ဖျက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။