မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်သင့်တဲ့သူတွေစာရင်းကို စာတမ်းပြုစုနေပြီး နိုင်ငံတော်သမ္မတဆီကို တင်ပြသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။
ထောင်ပေါင်း ၃၀ ကို စစ်ခဲ့ပြီးတဲ့အချိန်မှာ ထောင်တွေမှာ ထောင်သားတွေ ကျပ်နေတာကို တွေ့ရတာကြောင့် ဘယ်လိုလျှော့ချမလဲဆိုတာ စာတမ်းပြုစုနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။
"၂၀၁၇ တစ်နှစ်လုံးမှာ ကျနော် အခုချိန်ထိ စစ်ခဲ့တဲ့ထောင်ပေါင်းက ၃၀ လောက်ရှိတယ်၊ ထောင်သားတွေက တအားကျပ်တာပေါ့နော်၊ ထောင်သားတွေရဲ့ အနေအထားတွေကိုလည်း ကျနော်က တောက်လျှောက် အင်တာဗျူးတွေလုပ်တယ်၊ စစ်ဆေးတယ်၊ မေးမြန်းတယ်ပေါ့လေ၊ ထောင်က တအားကျပ်နေတဲ့အခါကျတော့ ထောင်ဆိုတဲ့ဟာက ချဲ့လို့ကောင်းတဲ့ အမျိုးလည်း မဟုတ်ဘူးလေ၊ အဲတော့ ကျနော်တို့က ဘယ်လိုလျှော့ချမလဲ၊ လွယ်လွယ်ကူကူ ဘယ်နှစ်အထက်လူတွေလျှော့ချဆိုရင် အဲထဲမှာ လူဆိုး၊ သူခိုးတွေ၊ ရာဇဝတ်သားတွေ ပါသွားတော့လည်း ပြည်သူလူထုဒုက္ခရောက်မှာ မဖြစ်သေးဘူးလေ၊ ဘယ်လိုနည်းစနစ်တွေနဲ့လျှော့ရင် ကောင်းမလဲဆိုတာကို ကျနော်က သေချာလေးရေးနေတာ မပြီးသေးဘူး၊ စာတမ်းပြီးပြီဆိုမှ ကော်မရှင်ကို တင်ပြမှာပေါ့နော်၊ ကော်မရှင် ဥက္ကဌ၊ ဒုဥက္ကဌနဲ့ ကျန်တဲ့ကော်မရှင်နာတွေက ဒါကို သဘောတူတယ်ဆိုတော့မှ ကျနော်က ဒါကို သမ္မတရုံးကို ပို့မှာပေါ့နော်"
လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ပြည်၊ ပေါင်းတည်ဘက်က ထောင်တွေကို သွားစစ်ဆေးဖို့ စီစဉ်ထားတယ် လို့လည်း ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်ဆေးပြီးတဲ့ ထောင်ပေါင်း ၃၀ မှာ အကျဉ်းသားဦးရေ ၅ သောင်းကျော်ရှိနေတယ်လို့လည်း ဦးယုလွင်အောင် က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အကျဉ်းထောင်စုစုပေါင်း ၄၇ ထောင်နဲ့ အကျဉ်းစခန်းစုစုပေါင်း ၅၀ လောက်ရှိနေတာ ဖြစ်ပါတယ်။