စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ စစ်ဆေးဖို့လက်မခံတဲ့အတွက် တစ်နှစ် ယာယီရပ်ဆိုင်းကြောင်း ကြေညာလိုက်တာဟာ ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးတွေကို ခြိမ်းခြောက်လိုက်တဲ့ သဘောပဲလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းစာရင်း တွေကို သတ်မှတ်ရက်အတွင်း အစစ်အဆေးမခံလို့ဆိုပြီး တစ်နှစ် ယာယီရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့ မေလ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။
UEC ရဲ့ အခုလုပ်ရပ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် လူထု ထောက်ခံတဲ့ တိုင်းရင်းသား ပါတီကြီးတွေကို ခြိမ်းခြောက်တဲ့သဘောနဲ့ ရှေ့ပြေး အရေးယူပြတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြ ပါတယ်။
“သူတို့ အဓိက ရည်ရွယ်ချက်က မြန်မာ့နိုင်ငံရေးလောကကနေ NLD ပါတီနဲ့ လူထု ထောက်ခံမှု အပြည့်ရရှိတဲ့ တိုင်းရင်းသားပါတီတွေ ဥပမာအားဖြင့် SNLD လို ပါတီမျိုးတွေ ဖယ်ရှားပစ်ရေးအတွက် ကြိုးပမ်းနေတာ၊ အဲဒီပါတီတွေကို နိုင်ငံရေး အင်အားစုကနေ ဖယ်ရှားဖို့အတွက် လမ်းခင်းနေတာလို့ ကျနော်တို့ ယူဆပါတယ်”
NLD ပါတီကို UEC ထံမှာ လာရောက်အစစ်ဆေးခံဖို့ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ UEC က ပြောထားသလို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကိုလည်း လာမယ့် ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး လာရောက်အစစ်ဆေးခံဖို့ UEC က ပြောထားပါတယ်။
အခုတစ်နှစ်ရပ်ဆိုင်းခံရတဲ့ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို သတ်မှတ်ရက်အတွင်း အစစ်အဆေးမခံတာကြောင့် ကော်မရှင်ရဲ့ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့အတူ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ - ၂၄ (ဂ) အရ ယာယီရပ်ဆိုင်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ရပ်ဆိုင်းခံထားရတဲ့ တစ်နှစ်အတွင်းမှာ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေကို စစ်ဆေးခံနိုင်ဖို့ ဆောင်ရွက်တဲ့လုပ်ငန်းကလွဲလို့ ကျန်တဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်း ထားရမယ်လို့လည်း ဆိုပါတယ်။
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ UEC ကတော့ အခုရပ်ဆိုင်းခံထားရတဲ့ပါတီဟာ ညွှန်ကြားတဲ့အတိုင်း မဆောင်ရွက်ရင် ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။