တရားမဝင် ဒီဂျစ်တယ်ငွေကြေးရောင်းဝယ်တာနဲ့ နိုင်ငံခြားငွေလွှဲလုပ်လို့ဆို့ပြီး ၃၉ ဦးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါ ပြဌာန်းတွေနဲ့အညီ အရေးယူထားကြောင်း ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။
ဗဟိုဘဏ်ကနေ တရားမဝင် ဒီဂျစ်တယ်ငွေကြေးတွေ ရောင်းဝယ်လဲလှယ်တာ၊ နိုင်ငံခြားငွေ ကစားသူတွေနဲ့ ဟွန်ဒီ ခေါ် နိုင်ငံခြားငွေလွှဲလုပ်ကိုင်သူတွေကို လိုင်စင်မရှိဘဲ လုပ်မယ်ဆိုရင် အရေးယူသွားမယ်လို့ မေလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ကြေညာထားတာပါ။
မေလ ၂၄ ရက်နေ့က ဇွန်လ ၄ ရက်နေ့အထိ ဆယ်ရက်ကျော်အတွင်း နိုင်ငံခြားငွေကစားနေသူတွေနဲ့ နိုင်ငံခြားငွေလွှဲလုပ်ကိုင်နေတဲ့ ၃၉ ဦးကို စိစစ်ဖော်ထုတ်ပြီး သူတို့ရဲ့ဘဏ်စာရင်းတွေနဲ့ အကောင့်တွေကို ယာယီရပ်ဆိုင်းထားတယ်လို့လည် ဆိုပါတယ်။
ဒီကြေညာချက်ထုတ်ပြန်ပြီးနောက် လိုက်နာခြင်းမရှိတဲ့သူတွေကို ငွေစာရင်းပိတ်တာ၊ တရားစွဲဆိုတာတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ တရားမဝင် ဒီဂျစ်တယ်ငွေကြေးတွေ အရောင်းအဝယ်လုပ်တာနဲ့ ဟွန်ဒီငွေလွှဲလုပ်ငန်းတွေ မလုပ်ကြဖို့လည်း စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်အောင် ဈေးကစားသူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်တွင်း ရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၅၉ သိန်းအထိ ရောက်ရှိခဲ့ပြီးနောက် စစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေနဲ့ ပွဲစား ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။