မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ နှစ်ထောင်ခန့် တိမ်းရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ် သရက်တောနဲ့ လယ်ကြီးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဇွန်လ ၄ ရက်နေ့ ညပိုင်းကစပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေသလို ဒေသခံနှစ်ထောင်ခန့်လည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာနှစ်ရွာဟာ မိုးမိတ်မြို့နဲ့နီးတာကြောင့် မြို့ပေါ်ကိုပါ တိုက်ပွဲတွေ ကူးစက်လာမှာကိုစိုးရိမ်ပြီး မြို့ပေါ်က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေတာ ရှိတယ်လို့ မိုးမိတ်မြို့ခံတစ်ဦးက ပြောပါတယ်။

“အရင်တစ်ခါဖြစ်ပြီးတော့ အေးဆေးဖြစ်လာပြီဆိုပြီး မြို့ထဲကိုပြန်ဝင်တာတောင် လပိုင်းပဲရှိသေးတယ်။ အခုတစ်ခါ ထပ်ပြေးရတာပေါ့။ အခုတိုက်ပွဲဖြစ်နေတဲ့ ရွာနဲ့က မြို့နဲ့သိပ်မဝေးဘူး။ ဆိုင်ကယ်နဲ့ဆိုရင် ၁၅ မိနစ်လောက်ပဲ ဝေးတယ်။ အရင်တစ်ခါလည်း မြို့ပေါ်အထိ တိုက်ပွဲက ဖြစ်ဖူးတယ်။ အခုလည်း မြို့ပေါ်အထိ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒါကြောင့် တိမ်းရှောင်လာရတာပေါ့”

မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာလက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ မိုးမိတ်မြို့အတွင်းက ရဲစခန်းနဲ့ ကာကင်းစခန်းတွေကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူပြီး မြို့ကိုတစ်ပတ်ကြာ ထိန်းချုပ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော် ရှိနေပါတယ်။