လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မနေ့က ပြန်လွတ်လာတဲ့ အမျိုးသားက ဖမ်းခံထားရသူတွေဟာ မျက်နှာကို အဝတ်တွေစည်းပြီး လက်တွေကိုလည်း ကြိုးတုပ်ခံထားရတယ်လို့ ပြောပါတယ်။
သူဟာ ဖမ်းဆီးခံရသူ ကျန် လေးဦးနဲ့အတူ မနေ့ညနေပိုင်း တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီ တပ်သားတွေက မိုးဗြဲမြို့ ပွဲကုန်းသုံးရက်ကွက် သံလမ်းနားမှာ ကြိုးတုပ်ပြီး ရပ်ခိုင်းထားချိန်မှာပဲ ထွက်ပြေးလွတ်မြောက်လာခဲ့ တာလို့ သူ့ရဲ့ သားဖြစ်သူက RFA ကို ပြောပါတယ်။
သူတို့ ငါးဦးဟာ ဘုရားကျောင်းမှာ ဆရာတော်တွေ မရှိခိုက် အစောင့်အဖြစ် နေထိုင်ပေးနေရာကနေ မနေ့က ဖမ်းဆီးခံခဲ့ရတာပါ။
ကျန်ရှိနေသေးတဲ့ ဖမ်းဆီးခံရသူ လေးဦးကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာကတော့ မသိရသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ ဒီကနေ့မနက်ပိုင်းကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က နှစ်ဦး ကျဆုံးတာကို တွေ့ရတယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်မှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။
မိုးဗြဲမြို့ ပွဲကုန်း (၃)ရပ်ကွက်၊ ရထားလမ်းအနီးမှာ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက ပြန်လည်ဆုတ်ခွာနေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်က နှစ်ဦး ကျဆုံးတယ်လို့ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မိုးဗြဲရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ မြို့တွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိလို့ နေအိမ်အချို့ပျက်စီးတာရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က အရပ်သား လေးဦး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ဒီနေ့မနက်က တိုက်ပွဲဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။