သံဃာတော်တွေ သပိတ်မှောက်ကံဆောင်တဲ့မြို့နယ် ရှစ်ခုအထိရှိလာ

RFA Burmese
2024.06.27
သံဃာတော်တွေ သပိတ်မှောက်ကံဆောင်တဲ့မြို့နယ် ရှစ်ခုအထိရှိလာ မကွေးတိုင်း မြိုင်မြို့နယ်မှ သံဃာတော်များ သပိတ်မှောက်ကံဆောင်သည်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
Facebook/Tayzar San

ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့အပေါ် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့ပြီးနောက် ငါးရက်အတွင်းမှာ မြို့နယ် ရှစ်ခုက သံဃာတော်တွေ ပါဝင်လာပါတယ်။

ဇွန်လ ၂၃ ရက်နေ့ကနေ ဇွန်လ ၂၇ ရက် မနေ့ကအထိ စစ်ကိုင်းတိုင်း ချောင်းဦး၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာနဲ့ မကွေးတိုင်းက မြိုင်နဲ့ ပခုက္ကူမြို့နယ်က သံဃာတော်တွေ ပူးပေါင်းပါဝင် လာကြတာပါ။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပစ်သတ်ခံရပြီး ငါးရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ချောင်းဦးမြို့နယ်က သံဃာတော်တချို့က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်တဲ့ အချက်ရှစ်ချက်ရှိပြီး အဲဒီအထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ပြောဆိုတာ၊ သံဃာချင်း ဂိုဏ်းကွဲအောင်ပြုလုပ်တာ၊ သံဃာကိုဆဲဆိုတာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲကျောင်းကန်မှာ မနေနိုင်အောင်လုပ်တာ၊ သံဃာတွေကို လာဘ်မရအောင်လုပ်တာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီရှစ်ချက်ထဲက တစ်ခုခုကို ကျူးလွန်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဆီက ဘယ်အလှူ၀တ္ထုကိုမှ လက်မခံတော့ဘဲ တခြားသံဃာထုကိုလည်း ဒီသတင်းစကားပို့ထားတာကို သပိတ်မှောက်ကံဆောင်တာလို့ အခုလှုပ်ရှားမှုမှာ ပါဝင်တဲ့ သံဃာတော်တွေက ပြောပါတယ်။

သံဃာတော်တွေ ကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီးဟာ ဇွန်လ ၁၉ ရက်နေ့က မန္တလေး တံတားဦးလေဆိပ်က အထွက်မှာ ကားကိုသေနတ်နဲ့ ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့တာပါ။ ဒီကိစ္စကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ပစ်ခတ်ခဲ့တာလို့ ကနဦး ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ကားပေါ်မှာ ဆရာတော်ကြီးနဲ့အတူ ပါလာတဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာ ဘိဝံသက ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်သားတွေ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂၀ ရက်မှာ သံဃာထုကို မိန့်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာမှ စစ်ကောင်စီက သူတို့ရဲ့ ပစ်ခတ်မှုကို ဝန်ခံခဲ့ပြီး ပြန်လည်စိစစ်အရေးယူမဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခဲ့တာကို အလေးအနက် တောင်းပန်ကြောင်း ရေးသားထားတဲ့စာကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က တစ်ဆင့် ဆရာတော် ဈာပနကို ဦးစီးဆောင်ရွက်နေတဲ့ သံဃာတော်ကြီးတွေဆီ ဇွန်လ ၂၄ ရက်နေ့မှာ လျှောက်ထားခဲ့ပါတယ်။

ဒီကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မသု့သု့
2024-07-01 20:10

တို့နိုင်ငံအမြန်အေးချမ်းစေချင်ပါတယ်အဘအခုလိုလုပ်နေတာပြည့်သူတွေရေားဘုန်းကြီးတွေရေားအရမ်းဒုတ်ခရောက်နေပါတယ်ဆန်ဆီဆားမပြေားနဲ့ကစွန်းရွှက်တစ်စည်းလက်တစ်စုတ်စာမရှိ့ဘူး၇၀၀/၈၀၀/၁၀၀၀တွေဖြစ်ကုန်ပြီအိမ်ယာမဲ့တွေအများပြားတွေ့ရှိ့နေပါတယ်လမ်းသွားလမ်းလာတွေမှာလဲစစ်သားများသည်ပြည်သူတွေစီငနေငွေကျေးတောင်းတာတွေကျွန်မကိုယ်တွေ့ကြုံခဲ့ပြီပါပြီအချို့ရဲတွေသော်လကောင်းတောင်ငူကအချို့မော်တော်ဘီကယ်တွေသော်လကောင်းပြည်သူတွေစီကနေငွေကျေးအများအစမတန်တောင်းပါသည်ကျွန်မကိုယ်တိုင်ကြုံတွေ့ခဲ့ပါသည်အဘအတာအမြန်ဖြေရှင်းပေးပါလို့တောင်းဆိုပါတယ်ကျွန်မပြည်သူထဲ့ကတစ်ယောက်ပါအမှားပါရင်ခွင့်လွက်ပေးပါစာဖတ်သူတိုင်းကျေးဇူးတင်ပါတယ်