ကချင်ပြည်နယ် မြစ်ကြီးနားဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းနဲ့ ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ မိုးညှင်းမြို့နဲ့ နန်းမားမြို့ ကြား လက်ပံတန်းရွာမှာ ဒီနေ့ မနက် ၇ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးသွား တယ်လို့ နန်းမားဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း လုံခြုံရေးအရ အမည်မဖော် လိုတဲ့ နန်းမားဒေသခံတစ်ဦးက ပြောပါတယ်။
“မိုးညှင်းက ကားနဲ့ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကေအိုင်အေနဲ့ PDF တွေ ပူးပေါင်းပြီး တိုက်တာ။ မိုင်းဆွဲတိုက်ခိုက်တာပေါ့။ အဲဒီအချိန် စစ်ကောင်စီဘက်က အကုန်လုံးပြန်ဆင်းပြီး ပစ်ကြတဲ့အချိန် PDF ကလေးတွေ ရှစ်ယောက်လောက် သေသွားတယ်”
သေဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင် ရှစ်ဦးမှာ နန်းမားဒေသက လူငယ်သုံးဦးပါဝင်ပြီး ကျန်ငါးဦးကတော့ ဘယ်ဒေသကဆိုတာကို မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီနေ့တိုက်ပွဲဟာ အချိန်တစ်နာရီလောက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အယောက် ၂၀ ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။ နန်းမားအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ်ကလည်း လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီနေ့မနက်က နှစ်ဖက်ထိခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကေအိုင်အေ ပြောခွင့်ရသူနဲ့ စစ်ကောင်စီပြောခွင့်ရသူတွေထံကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့ စီသာကျေးရွာဘက်မှာလည်း ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ရွှေကူ PDF တွေအကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပူတာအိုမြို့နယ်မှာလည်း ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။