မုံရွာထောင်တွင်းအစာငတ်ခံဆန္ဒပြမှုကို ဒီမိုကရေစီအင်အားစုတွေဝန်းရံ
2023.09.11

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ ရပ်တည်ကြောင်း ထောင်ပြင်ပမှာရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေက “သံဖြတ်လွှ” ဆိုတဲ့ခေါင်းစဉ်နဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ပါတယ်။ အကျဉ်းထောင်ဟာ စစ်မြေပြင်၊ စစ်ရေးပစ်မှတ် မဟုတ်ကြောင်းနဲ့ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုကို မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတိုင်း၊ ကရင်၊ မွန်ပြည်နယ်တွေက ဒီမိုကရေစီအင်အားစုတွေ ပါဝင်လှုပ်ရှားခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဒီကမ်ပိန်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ဆန္ဒပြသပိတ်အင်အားစု အဖွဲ့ဝင်တွေ၊ ပြည်သူကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေနဲ့ သာမာန်ပြည်သူတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလ ၈ ရက်နေ့ မနက်က မုံရွာအကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ ဌာနပေါင်းစုံက ရှာဖွေရေးဝင်ရောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပစ္စည်းတွေ သိမ်းယူသွားခဲ့တာကြောင့် မုံရွာထောင်တွင်းမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အဲဒီနေ့ကကစပြီး အစာအငတ်ခံ ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။
ဆန္ဒပြအကျဉ်းသားတွေကို မုံရွာထောင်ပြင်ပက သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတယ်လို့ သတင်းရထားကြောင်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အစာအငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက သိမ်းဆည်းသွားတဲ့ အကျဉ်းသားပိုင် ပစ္စည်းတွေ ပြန်ပေးဖို့၊ ပြင်ပက ပေးပို့တဲ့ ထောင်ဝင်စာပစ္စည်းတွေကို ကန့်သတ်မှုမရှိဘဲ လွပ်လပ်စွာ ပေးပို့ခွင့်ပြုဖို့နဲ့ အစာအငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် အပြည့်အဝ တာဝန်ယူဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။