မုံရွေးပြန်ကြားရေးစခန်းစီးနင်းခံရပြီး ကာကွယ်ရေးအဖွဲ့ဝင် ခုနစ်ဦးသေဆုံး
2023.09.07
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွေးကြေးမုံရွာနားက ဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး စခန်းငယ်တစ်ခုကို စက်တင်ဘာလ ၆ ရက် မနက် ၆ နာရီအချိန် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးခဲ့တာလို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ပြောပါတယ်။
ပစ်သတ်ခံလိုက်ရတဲ့ PDF တွေဟာ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) က မဟုတ်ဘဲ မုံရွေးကြေးမုံရွားအနီးက ဒေသကာကွယ်ရေးတပ်တပ်ဖွဲ့ဝင်တွေသာဖြစ်တယ်လို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"မုံရွာနဲ့ ချောင်းဦးနယ်စပ်နားက မုံရွေးအခြေစိုက်ပြန်ကြားရေးစခန်းငယ်ကို စစ်ကောင်စီက အငိုက်ဝင်စီးပြီး တိုက်ခိုက်သွားတာပါ။ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ ခုနစ်ဦး ကျသွားတယ်၊ နှစ်ဦးလွတ်သွားတယ်ပဲ သတင်းကြားရပါသေးတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့လက်နက်တွေတော့ အကုန်ပါသွားတယ်ကြားပါတယ်။ အသေးစိတ်သတင်းတော့ မသိရသေးဘူး"
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းသယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်တဲ့ ခုခံစစ် နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲပေါင်း တစ်သောင်းနီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သုံးသောင်းခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။