မြောင်မြို့ မင်းတန်းရွာက အိမ်တစ်ရာကျော် မီးရှို့ခံရ

2022.05.22
Share on WhatsApp
Share on WhatsApp
မြောင်မြို့ မင်းတန်းရွာက အိမ်တစ်ရာကျော် မီးရှို့ခံရ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာမီးရှို့ခံထားရသည်အား ၂ဝ၂၂ ခုနှစ် မေလ ၂၂ ရက်နေ့ တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မင်းတန်းရွာကို မေလ ၂၁ ရက် မနေ့က စစ်ကောင်စီ တပ်သားတွေ ရောက်လာပြီးနောက် အိမ်အလုံးပေါင်း ၁၀၀ ကျော်နဲ့ ဘာသာရေး အဆောက်အဦးတွေ မီးရှို့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာထဲကိုဝင်တာနဲ့ အိမ်တွေကိုမီးရှို့သလို ဒီနေ့မနက် ပြန် ထွက်သွားတော့လည်း မီးတွေထပ်ရှို့သွားသေးတယ်လို့ မင်းတန်းရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။

“စစ်သားတွေ ရောက်လာတယ်ကြားရင် အနားက ရွာသုံးလေးရွာကတော့ အကုန်ထွက် ပြေးကြရတာပဲ၊ အခုက စစ်ကောင်စီက မြောင်တစ်မြို့လုံးကို ရှို့နေတာ၊ ကာကွယ်ရေး အဖွဲ့တွေကို ထောက်ပံ့နိုင်မယ်ထင်တဲ့ ပိုက်ဆံရှိတဲ့ အိမ်အကြီးကြီးတွေကို အဓိကထား ရှို့တယ်။ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေကို သွေးခွဲတဲ့ပုံမျိုးပေါ့၊ ပြည်သူတွေက စစ်ကောင်စီကိုပဲ ပိုမုန်းကြတာပါ”

မင်းတန်းရွာဟာ အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာလို့ ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရပါတယ်။ အခုလတ်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပြီမို့ ရွာသားတွေလည်း ရွာထဲပြန်ဝင်ပြီး မီးငြိမ်းသက်နေကြရတယ်လို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က လည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေဝင်ဆင်ထားပြီး အရင်လတွေကလာတဲ့ စစ်ကြောင်းတွေထက် လက်နက်အင်အားပိုမိုပြည့်စုံတဲ့ စစ်ကြောင်း တွေဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ နဲ့ ၂၁ ရက်တွေကလည်း မြောင်မြို့နယ်ထဲက မယ်မသော်၊ နဂါးပေါက်နဲ့ နေပူကုန်းရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့လို့ အိမ်ပေါင်းတစ်ရာကျော်လည်း မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့