ငါန်းဇွန်မြို့နယ် ရွှေပေါက်ပင်ကျွန်းက နေအိမ်တချို့မီးရှို့ခံရပြီး ဒေသခံ ၃၀၀ ကျော်ထွက်ပြေး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် အနောက်ခြမ်းက ရွှေပေါက်ပင်ကျွန်း (ဒေသအခေါ် ဂျပန် ကျွန်း) ပေါ်ကို စက်တင်ဘာ ၁၇ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းပြီးနောက် နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြော ပါတယ်။
ဒီစီးနင်းမှုကြောင့် ရွှေပေါက်ပင်ကျွန်းနဲ့ ကံသာရွာက အရပ်သား ၃၀၀ ကျော်လည်း ထွက် ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၄ နာရီခွဲဝန်းကျင်မှာ အင်အား ၇၀ ခန့်ပါတဲ့ စစ်ကောင် စီတပ်တွေ ကျွန်းပေါ်ကိုဝင်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဝင်ဝင်ချင်း တစ်ခါတည်းရှို့တာ။ ဒလန်က လိုက်ပြပြီးတော့။ အဓိကကတော့ (အာဏာ ရှင်ဆန့်ကျင်နေသူ) နာမည်နည်းနည်းထွက်ထားတဲ့ အိမ်တွေကို လိုက်ရှို့တာ။ အခု (မနက် ၆ နာရီခွဲ) အထိ လောင်နေတုန်းပဲဗျ"
လူနေအိမ် ၁၀၀ ကျော်ရှိတဲ့ ရွှေပေါက်ပင်ကျွန်းပေါ်က မီးလောင်ကျွမ်းမှု အခြေအနေအသေး စိတ်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူ့ရဲ့တပ်ဖွဲ့တွေဟာ ဒေသခံ တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာမျိုး မလုပ်ဘူးလို့ သြဂုတ်လ ၁၇ ရက်က ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံ ချိန်မှာ ငြင်းဆိုခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လူနေအိမ်မီးရှို့ခံရမှု အခြေအနေတွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ကတော့ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ ဖျက်ဆီးမှုတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ထိ နေအိမ်ပေါင်း ၂၈,၄၃၄ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။