ဧပြီလအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၅ဝဝ ကျော်ဖြစ်ခဲ့

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ပြီးခဲ့တဲ့ ဧပြီလ တစ်လတည်းမှာတင် စစ်ကောင်စီနဲ့ KNU လက်အောက်ခံတပ်တွေကြား တိုက်ပွဲပေါင်း ၅ဝ၇ ကြိမ်ဖြစ်ခဲ့တယ်လို့ KNU ဘက်က မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

တစ်လလုံး နေ့တိုင်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး၊ စစ်ကောင်စီနဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်က ၃၅၆ ယောက် သေဆုံးခဲ့ပြီး၊ ၁၉၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်ကပြောပါတယ်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ဘက်က ၁၅ ယောက် သေဆုံးပြီး၊ ၃၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNU ဘက်က ထုတ်ပြန်လာတဲ့ သေဆုံးစာရင်းတွေကို RFA က သီးခြား အတည်မပြုနိုင်ပါဘူး။ စစ်ကောင်စီဘက်ကိုလည်း ဒီစာရင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က အရပ်သားတွေနေတဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလို၊ လေကြောင်းသုံး တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဧပြီလ တစ်လအတွင်း တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၁ဝ ဦး သေဆုံးခဲ့ရပြီး၊ ၃ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း KNU ဘက်ကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ KNU က စစ်ကောင်စီခေါင်းဆောင်ဖိတ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ရောက်ဘူးလို့ ကြေညာပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးချင်ရင် စစ်ကောင်စီဘက်က စစ်ပွဲတွေ အကြမ်းဖက်တာတွေ၊ ရွာတွေ မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်း နှိပ်စက်တာတွေ၊ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ တိုက်ခိုက်တာတွေ ရပ်ရမယ်လို့ KNU က ထုတ်ပြန်ပြောဆိုထားပါတယ်။