ပေါက်မြို့နယ် ရွာနှစ်ရွာက အိမ် ၆၀ ကျော် မီးရှို့ခံရ

မကွေးတိုင်း ပေါက်မြို့နယ် ချက်ကန်နဲ့ ကျအိုးရွာတွေမှာ မေလ ၄ ရက်နဲ့ ၅ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်လာပြီးနောက် နေအိမ် ၆၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပေါက်မြို့နယ် ချက်ကန်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မေလ ၄ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်က ဝင်ရောက်ခဲ့တာဖြစ်ပြီး ကျအိုးရွာကိုတော့ မေလ ၅ ရက် မနေ့ ညနေ ၃ နာရီခွဲခန့်က ဝင်ရောက်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျအိုးရွာက အိမ်ခြေ ၂၀ လောက် လောင်သွားတယ်။ မြောက်ကုန်းက ၁၀ အိမ်လောက် ပါသွားတယ်။ အဲဒီ မြောက်ကုန်းက စရှို့တာကို။ မနက်ခင်းပိုင်းကတော့ မီးတွေ ငြှိမ်းနေ ကြတယ်ဗျ။ ရွာထဲကို အကုန်ပြန်မဝင်ရဲကြသေးဘူး"

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ လောက်က ချက်ကန် ရွာနားကို စစ်ကြောင်းထိုးချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီနောက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ပြန်ဆုတ်ချိန် ရွာကိုဝင်ရောက် မီးရှို့ခဲ့တာလို့ ပြောပါတယ်။ နောက်တစ်နေ့မှာ ကျအိုးရွာက အိမ်တွေ ဆက်လက်မီးရှို့ခံခဲ့ရတာလို့လည်း ပြောပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် လက်ရှိအချိန်မှာ ချက်ကန်နဲ့ ကျအိုးရွာက ဒေသခံရွာသား ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေး ပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရွာတွေကို စစ်တပ်က မီးရှို့တာမဟုတ်ပဲ PDF အဖွဲ့တွေကသာ မီးရှို့နေတာလို့ ပြောဆိုထားပါတယ်။