ဖလမ်းမြို့မှာ လေးရက်အတွင်း မိုင်းဆွဲခံရလို့ စစ်တပ်က ၆၀ ကျော် သေဆုံး

2022.03.05
ဖလမ်းမြို့မှာ လေးရက်အတွင်း မိုင်းဆွဲခံရလို့ စစ်တပ်က ၆၀ ကျော် သေဆုံး CNDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: CNO

ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ချင်းဒေသ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ရက်တာအတွင်း စစ်ကောင်စီဘက်က ၆၀ ကျော် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသား အဖွဲ့ချုပ်က မတ်လ ၄ ရက် မနေ့က သတင်းထုတ်ပြန်ပါ တယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီတပ်ယာဉ်တန်း ကား ၂၂ စီးနဲ့ တင့်ကား ၂ စီးတို့ကို လုံးရန်ရပ်ကွက်နဲ့ တားလ်ကျေးရွာအကြားမှာ CNDF, CNA နဲ့ CDF စတဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်က ၁၁ ဦး ခန့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မတ်လ ၂ ရက်မှာလည်း ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာနဲ့ တလန်ဇာရ်ရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အယောက် ၃၀ ခန့် သေဆုံးခဲ့ပြီး မတ်လ ၃ ရက်က ဖလမ်းမြို့နယ်၊ ရမ်ထလို ကျေးရွာနဲ့ ဒေါက်ထက်ကျေးရွာအကြား မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်ကတည်းက စစ်ကောင်စီတပ်ယာဉ်တန်းဟာ ဖလမ်းမြို့ကနေ ဟားခါးမြို့ကို ရိက္ခာပို့သွားကြတဲ့ စစ်ကောင်စီယာဉ်တန်းကို ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ်လ ၃ ရက်အထိ လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း CNDF တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးအသတ်ခံရပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ မဟာမိတ်တပ်ဖွဲ့တဲ့ CNA ဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ဖလမ်းမြို့ ဒိုထက်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CNDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိမ်ခြေ ၄၆ လုံးရှိတဲ့ ဒိုထက်ကျေးရွာမှာ အဲဒီနေ့ညနေပိုင်းက အိမ် ၁၆ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ် အသေးစိတ်အခြေအနေတွေကို အတည်ပြုနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။