ကလေးမြို့နယ် ရွာသုံးရွာက နေအိမ် ၉၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ နယ်တောင်ပိုင်းမှာရှိတဲ့ နတ်မြောင်း၊ နတ်ချောင်း၊ အောင်ချမ်း သာ ကျေးရွာသုံးရွာမှာ မတ်လ ၁၅၊ ၁၆၊ ၁၇ ရက်တွေက နေအိမ် ၉၀ ကျော် မီးရှို့ဖျက် ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာချင်းကပ်နေတဲ့ နတ်ချောင်းနဲ့ နတ်မြောင်းရွာက အိမ် ၇၁ လုံးနဲ့ အောင်ချမ်းသာရွာက ၂၁ လုံး၊ စုစုပေါင်း ၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နတ်ချောင်း ကျေးရွာသားတစ်ဦးက ပြောပါတယ်။

"နတ်ချောင်း၊ နတ်မြောင်းက ၇၁ လုံး၊ အောင်ချမ်းသာ ၂၁ လုံးလောင်တာ။ ဘာမှ မကျန်ဘူး အကုန်ပြာကျ သွားတာ။ တိုက်တွေရော၊ စပါးကျီတွေရော လောင်တာ ဘာမှ မကျန်ဘူး။ ပြာပဲကျန်တယ်"

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့က နတ်မြောင်းရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာတွေမှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရွာထဲမှာ စစ်ကောင်စီ တပ်သားတွေရှိနေချိန် အိမ်တွေ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နတ်မြောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။

"ရွာမှာက လူတွေ မနေကြတော့ဘူး။ တိုက်ပွဲတွေ ခဏခဏဖြစ်လို့ ရှောင်နေကြရတာ။ ဒီမှာရှိနေသူတွေ ဆိုတာကလည်း လူ ၅၀ လောက်ရှိတာ။ မီးရှို့တာက နတ်ချောင်းနဲ့ နတ်မြောင်းကြားက စရှို့တာ။ မီးငြှိမ်းဖို့သွားမယ်ဆိုလည်း မသွားရဲဘူး။ ကြောက်လို့ လေ။ နွေရာသီဆိုတော့ အကုန်ကူးလောင်ကုန်တာ"

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ စစ် ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

ကလေးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နတ်ချောင်း၊ နတ်မြောင်း၊ ဟားခါး လေး၊ ရေစို၊ အောင်ချမ်း သာ၊ ချောင်းဂွ စတဲ့ကျေးရွာခြောက်ရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကပင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါ တယ်။

အဲဒီဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေ၊ အခြားကျေးရွာတွေ၊ ဘုန်းကြီးကျောင်း တွေနဲ့ ကလေးမြို့ပေါ်ရပ်ကွက်တွေမှာ ဒီနေ့အထိ ထွက်ပြေးခိုလှုံနေကြဆဲဖြစ်တယ် လို့လည်း ပြောပါတယ်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မတ်လ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခုနစ်ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။