ရခိုင်ပြည်နယ် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်ထဲမှာ မနေ့ညနေက လက်နက်ကြီးပေါက်ကွဲလို့ လူ သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်ဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ တပ်မတော်ဘက်က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေဟာ တစ်နေ့ထက်တစ်နေ့ များပြား လာနေပါတယ်။
မနေ့တုန်းက မြောက်ဦးမြို့ရဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ အလယ်ဈေးရပ်ကွက်တွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေးငယ် နှစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး၊ နောက်ထပ် လေးဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြပါတယ်။
ပေါက်ကွဲမှုကြောင့် အသက်တစ်နှစ်နဲ့ လေးနှစ်အရွယ် ကလေးငယ်နှစ်ဦးဟာ အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးပြီး အသက် ၂၄ နှစ်အရွယ် မနုနုဝင်းကတော့ မနေ့က ဆေးရုံမှာ သေဆုံးသွားတာဖြစ်ပါတယ်။ သေဆုံးသူ လေးနှစ်အရွယ် မောင်ဉာဏ်လင်းထက်နဲ့ အသက် ၂၄ နှစ်အရွယ် မနုနုဝင်းတို့ဟာ သားအမိတွေဖြစ်ကြပါတယ်။
ဒဏ်ရာရသူ လေးဦးကိုတော့ အထူးကု ဆရာဝန်တွေနဲ့ ကြပ်မတ်ကုသနေတယ်လို့ မြောက်ဦးမြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင် ကပြောပါတယ်။
"သေတာက အားလုံး သုံးယောက်ပါ။ ဒဏ်ရာရတာက လေးယောက်။ လေးယောက်မှာ သုံးယောက်ကတော့ အပေါ်ယံဒဏ်ရာတွေပဲ။ တစ်ယောက်ကတော့ ယာဘက်ခြေထောက်အောက်ပိုင်း ပြတ်ထွက်သွားတယ်။ ကိုယ်ဝန် သည်ကိုလည်း မစိုးရိမ်ရပါဘူး။ ကျွန်တော်တို့က လိုအပ်တာတွေကို လုပ်ပေးနေပါတယ်။ ကျွန်တော်တို့မှာ အထူးကုဆရာဝန်တွေလည်း အကုန်ရှိပါတယ်"
ဒဏ်ရာရရှိသူ ခြောက်ဦးအနက် နှစ်ဦးကတော့ သာမန်ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့တာလို့ သိရပါတယ်။
တစ်နေရာရာကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက ခြံဝင်းထဲ ကျရောက်ပေါက်ကွဲတာလို့ ယူဆကြောင်း သမီးနဲ့မြေးကို ဆုံးရှုံးခဲ့ရတဲ့ ဦးလှမောင်သာ က ပြောပါတယ်။
"မနေ့က အခင်းဖြစ်တဲ့နေရာက ကျွန်တော်တို့အိမ်နဲ့ဆို ပေ ၃၀၀ လောက်ဝေးတယ်။ ကျွန်တော့သမီးက မျက်လုံး မှာ အမှုန့်တစ်ခုဝင်နေတယ်ဆိုပြီး အဲဒီဘက်အိမ်က တစ်ယောက်ကို ထုတ်ခိုင်းဖို့သွားတာ။ သူထွက်သွားလို့ ငါးမိနစ်လောက်အတွင်းမှာ ဂျိန်းခနဲ့တစ်ခုကြားတာနဲ့ ရွာသားတွေက ဦးလေးသမီး လဲသွားပြီလို့ လှမ်းအော် ကြတယ်။ ဘယ်ဘက်ကကျလို့ ပေါက်ကွဲသလဲဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။ ကျွန်တော်သွားကြည့် တော့ သမီးက မျက်လုံးနှစ်ဖက်ပြုတ်ထွက်နေပြီ။ ပေါက်ကွဲတဲ့နေရာက ရပ်ကွက်ထဲမှာပဲ"
ပေါက်ကွဲမှုဟာ အလယ်ဈေးရပ်ကွက် ချင်းပျံတောကျောင်းနဲ့ ဘီလူးကန်ကျောင်းကြားက နေအိမ်တွေရှေ့မှာ ဖြစ်ပွားခဲ့တာပါ။
သေဆုံးခဲ့သူ သုံးဦးရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့နေ့လယ်မှာ မြောက်ဦးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြ ပါတယ်။
ရက္ခိုင့်တပ်တော် AA က မြန်မာ့တပ်မတော်ဟာ နိုင်ငံတကာရာဇဝတ်တရားရုံးမှာ အမှုရင်ဆိုင်နေရချိန်ဖြစ် သည့်တိုင် မြောက်ဦးမြို့နယ် အတွင်းရှိ ကျေးရွာတွေကိုသာမက မြို့ပေါ်ရပ်ကွက်ကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့ကဖြစ်ရပ်ဟာ တပ်မတော်က ပစ်ခတ်တာမဟုတ်သလို အဲဒီနားမှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့လည်း ဆိုပါတယ်။
မနေ့ကဖြစ်ရပ်နဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အခုလိုဆက်ပြောပါတယ်။
"ကျွန်တော် အကြမ်းဖျင်း စုံစမ်းကြည့်တာကတော့ သူ့ဟာသူ ဟိုးအရင်ကတည်းက ဘုန်းကြီးကျောင်းက မပေါက် ကွဲသေးတဲ့ ဗုံးသီးတစ်ခုကို တွေ့ပြီးတော့မှ အမျိုးသမီးတစ်ယောက်ကနေပြီးတော့မှ ဒီဗုံးသီးကိုထုတဲ့အခါမှာ ထကွဲတာပဲ။ အဲဒါကြောင့်မို့လို့ မိုင်းလား၊ ဗုံးသီးလား ဆိုတာတော့ ဘယ်သူမှ တိတိကျကျမသိရသေး။ ကျွန်တော် တို့လည်း အဲဒါကိုမေးခိုင်းထားတယ်။ စစ်ဆေးခိုင်းထားတယ်။ သေချာတာကတော့ ပေါက်ကွဲမှုတစ်ခုခုဖြစ်လို့ သာလျှင် အဲဒါတွေသည် ထိခိုက်ဒဏ်ရာရပြီးတော့မှ သေဆုံးမှုတွေဖြစ်ရတာပေါ့။ ဒီဟာကို ဗုံးသီးလား၊ ဒုံးသီးလား ဒါမှမဟုတ် မိုင်းလားဆိုတာကတော့ ရဲတွေဘာတွေနဲ့ စစ်ခိုင်းထားတုန်းရှိသေးတယ်။ သိရရင်လည်း သတင်း ထုတ်ပြန်ပေးပါဦးမယ်နော်"
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလောက်က စတင်ပြင်းထန်လာခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေဟာ အခုဆိုရင် အချိန်တစ်နှစ်တိတိကြာမြင့်လာခဲ့ပြီဖြစ်သလို တိုက်ပွဲတွေဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုလို့သာပြင်းထန်လာနေတာဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်း အခုလို အရပ်သားတွေ သေဆုံးရတာတွေဟာ ရာဂဏန်းနီးပါး ရှိနေပြီဖြစ်သလို ထိခိုက်ဒဏ်ရာရသူဦးရေကတော့ အခုအချိန်အထိ ၁၄၀ ထက်မနည်းရှိနေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။