မူဆယ်မြို့နယ်မှာ တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးရ
2023.09.20

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့အကြား စက်တင်ဘာ ၁၇ ရက်ကစလို့ တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး စက်တင်ဘာလ ၂၀ ရက် ဒီနေ့ နေ့လည်ပိုင်းအထိ နှစ်ဖက်ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် မူဆယ်ခရိုင်ထဲက စယ်လန့်၊ နမ့်ကတ်၊ မန်ကန်၊ မိုင်းဆတ် အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ တစ်ထောင်ကျော် နမ့်ခမ်းနဲ့ မူဆယ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နမ့်ကတ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖြစ်နေတာက ၁၇ ရက်နေ့ ကတည်းကနော်။ မနေ့ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့လည်း အခုထိပစ်နေတုန်းပဲ။ ကျွန်တော်တို့ လည်း ရွာမှာ မနေရဲဘူး။ အခု ဘုန်းကြီးကျောင်းမှာ လာနေတာ။ တချို့ဆို နမ့်ခမ်းဘက် ထွက်ပြေးတဲ့သူလည်း ရှိတယ်”
ဒုက္ခသည်တွေကို ဒေသခံတွေကပဲ တစ်နိုင်တစ်ပိုင် ကူညီပေးနေရတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကစလို့ မူဆယ်မြို့နယ်ထဲက စယ်လန့်၊ နမ့်ကတ်၊ မန်ကောင်း၊ မိုင်းဆတ် စတဲ့ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး ဒေသခံတွေ အခုလိုပဲ မကြာခဏ ထွက်ပြေးနေရတာပါ။
အခုပြန်ဖြစ်တဲ့ တိုက်ပွဲကတော့ စက်တင်ဘာ ၁၇ ရက်နေ့က ဝိန်းနန်းရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ၁၉ ရက်နေ့မှာ မူဆယ်မြို့နယ် ဆိုင်ခေါင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ TNLA က အဲဒီနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ခဲယမ်း အချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး TNLA ဘက်ကလည်း ကျေးရွာအနီးမှာ တိုက်ပွဲဖော်သလို ဖြစ်နေတာကြောင့် နေအိမ်အချို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မနေ့က တစ်ရက်တည်းမှာပဲ မိုးကုတ်၊ ကွတ်ခိုင်နဲ့ မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲ ခုနှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ TNLA က စက်တင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ ၁၉ ရက်နေ့အထိ နှစ်လနီးပါးအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၅၂ ကြိမ်ဖြစ်ခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။