ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ပေါ်က လုံခြုံရေးဂိတ်စခန်းတွေကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဝင်ရောက်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ်၊ ရဲတပ်ဖွဲ့နဲ့ အရပ်သားပြည်သူ ၁၉ ဦး သေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက စိုးရိမ်ရတဲ့အခြေအနေရှိသူတွေကို တရုတ်နိုင်ငံ ရွှေလီဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေတယ်လို့ ကျားခေါင်းပါတီရဲ့ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောပါတယ်။
"ဒဏ်ရာရရှိတဲ့သူကတော့ အားလုံးပေါင်း ၂၇ ယောက်ရှိတယ်၊ အမျိုးသားက ၂၆ ယောက်ရှိတယ်၊ အမျိုးသမီးက ၁ ယောက်ရှိတယ်၊ အဲဒီထဲကနေပြီးတော့ ၂ ဦးက သိပ်အခြေအနေမကောင်းလို့ ဆိုပြီးတော့ တစ်ဘက်နိုင်ငံက ရွှေလီမြို့ကို သွားပြီးတော့ ပို့ထားပါတယ်၊ ပြောမယ်ဆိုရင် အရပ်သားထိခိုက်တာကို ဘယ်သူမှမကြိုက်ဘူး ကျနော်တို့လည်း မကြိုက်ဘူး၊ လက်နက်ကိုင်အဖွဲ့အစည်း တာဝန်ရှိတဲ့သူတွေက ဒါသုံးသပ်ဖို့လိုတယ်၊ တကယ် တမ်း ကိုယ့်လုပ်ရပ်တွေက ပြည်သူ့အတွက် အကျိုးရှိသလား၊ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဒုက္ခတွေ ဖြစ်နေ သလား ဆိုတာတော့ တာဝန်ရှိတဲ့သူတွေ အဖွဲ့အစည်းတွေက သုံးသပ်ဖို့လိုတယ်"
ဒီနေ့မနက် ပစ်ခတ်မှုနဲ့ပတ်သက်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က အခုလို ပြောပါတယ်။
"မြန်မာ့တပ်မတော်က ကျွနု်ပ်တို့အဖွဲ့ကို ဝင်ပြီးမှ ကျွနု်ပ်တပ်တွေရော ကျွနု်ပ်တို့ ယာယီတပ်စခန်းတွေကော မေလအတွင်းမှာ အဆက်မပြတ် ပိုက်စိပ်တိုက်တက်လာပြီး ပစ်ခတ်တယ်၊ မဟာမိတ် KIA ကိုပေါ့နော်။ အဲဒီဘက် မှာလည်း စစ်ရေးအရ ဖိအားပေးနေတယ်၊ စောစောကပြောတဲ့ ဒီအချက်တွေကြောင့် အသေးစား စစ်ဆင်ရေး မြို့တွင်းကို ဖန်တီးတာ၊ အခုတိုက်ပွဲဖြစ်ပွားတဲ့ နေရာလည်း လောင်းကစားရုံနေရာဖြစ်တယ်၊ လောင်းကစားရုံ ဒိုင်အကြီးစားပေါ့၊ တရုတ်ပြည်နယ်စပ် ခြံစည်းရိုးအနီးအနားမှာရှိတဲ့ ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံကို ပစ်တာဖြစ်တယ်၊ ကျွနု်ပ်တို့ ဝင်ပြီးပစ်ခတ်တာလည်း လောင်းကစားရုံးဖြစ်တယ်၊ လောင်းကစားရုံကြောင့် ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေ တော်တော်လေး ဒုက္ခရောက်နေတယ်၊ ပြည်သူဘက်က နေပြီးမှ ကျွနု်ပ်တို့က ဖြေရှင်းပေးတာလည်း ပါတာပေါ့"
ပစ်ခတ်မှုကြောင့် ဒုရဲအုပ် ၁ ဦး၊ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦး၊ အရပ်သား ၁၄ ဦး စုစုပေါင်း ၁၉ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့စစ် ၆ ဦး အရပ်သား ၁၈ ဦး စုစုပေါင်း ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လုံခြုံရေးဆောင်ရွက်နေတဲ့ ပန်ခမ်းတံတား၊ မန်ဝိန်းဂိတ်၊ နောင်ရမ်းကျေးရွာနဲ့ မြို့မပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် နေအိမ်တစ်ဝိုက်ကို TNLA က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်က ပြန်လည်ခုခံတိုက်ခိုက်တာကြောင့် ဆုတ်ခွာသွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မနက် ၅နာရီကျော်လောက်စတင်ပြီး ပစ်ခတ်မှုတွေဖြစ်ကာ ၃ နာရီခန့် ကြာမြင့်တယ်လို့ သိရပါတယ်။
တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ လိုက်လံဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
