ပြည်အကျဥ်း​ထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရောဂါနဲ့ ရုတ်တရက်သေဆုံး

စစ်အာဏာသိမ်းပြီး ထောင်တွင်း ဆေးဝါးမလုံလောက်မှု၊ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု ပိုမိုဆိုးရွားလာ။

ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်အကျဥ်း​ထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ဦး ရောဂါနဲ့ နှစ်ရက်အတွင်း ရုတ်တရက် သေဆုံးခဲ့တယ်လို့ ပြည်အကျဉ်းထောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်း​တွေက RFA ကို ပြောပါတယ်။

မေလ ၂၂ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)၊ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရတဲ့ ကိုဌေးအောင်(ခ) ဌေးအောင်နိုင် ဟာ ပြည်ဆေးရုံကြီးမှာ

အသက်ရှူကျပ်ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ ပြောပါတယ်။

အလားတူ မေလ ၂၃ ရက်နေ့မှာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ)၊ ၅၂ (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ ကိုမြင့်နိုင်မြင့်စိုး က လေဖြတ်တာ၊ ဦးနှောက်သွေးကြောပေါက်ပြီး ပြည်ဆေးရုံမှာပဲ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကိုမြင့်နိုင်မြင့်စိုး အမျိုးသမီးကလည်း အင်းစိန်အမျိုးသမီးဆောင်မှာ အကျဥ်းကျ​နေတာပါ။ သူက အင်းစိန်ထောင်ကနေ ပြည်အကျဉ်းထောင်ကို ပြောင်းရွှေ့အကျဉ်းကျခံနေရချိန် ကွယ်လွန်သွားတာလို့ ​ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ထောင်ပြင်ပဆေးရုံတွေကို သွားရောက် ဆေးဝါးကုသမှုခံယူချိန်မှာလည်း အထက်အဆင့်ဆင့် ခွင့်ပြုချက်အမိန့်တွေကို စောင့်နေရတာကြောင့် မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ ဖြစ်စဉ်တွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။

“ကျန်းမာရေးကြောင့်မို့လို့ ပြင်ပကို သွားရောက် ဆေးဝါးကုသဖို့ ခံယူတဲ့သူတွေ ဆေးဝါးကုသမှု ခံယူရတဲ့ အခါမျိုးမှာ ချက်ချင်းကုသခွင့် ရတာမျိုးမဟုတ်ဘဲ အထက်ရဲ့ ခွင့်ပြုချက် အမိန့်စောင့်ရသေးတယ်ပေါ့နော်။ ဒါကြောင့်မို့လို့လည်း သူတို့ ခွင့်ပြုမိန့် စောင့်နေရတဲ့ အတောအတွင်းမှာပဲ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ၊ အစားအာဟာရ ပြည့်ပြည့်ဝဝ စားသောက်ခွင့် မရတာတွေကနေ တစ်ဆင့် ရောဂါဒဏ်ကို မခံနိုင်တော့ဘဲ မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ အခြေအနေမျိုးတွေလည်း ကျွန်တော်တို့ တွေ့ရှိရပါတယ်ဗျ။”

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထောင်တွင်းမှာ ဆေးဝါး မလုံလောက်မှုတွေ၊ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုတွေက အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မေတ္တာမြိုင် ရပ်ကွက်မှာနေတဲ့ သက်သက်မာ (ခ) မိသက်ကို စစ်တပ်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ တွေနဲ့ စွပ်စွဲကာ ထောင်ဒဏ် နှစ် ၂၀ ချခဲ့ပြီး ချုပ်နှောင်ထားချိန်မှာ သူဖြစ်နေတဲ့ သွေးလေးဘက်နာရောဂါကို ကုသခွင့် မပေးခဲ့တာကြောင့် မတ်လ ၂၇ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြထားပါတယ်။