၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်ကို ပြည်သူ့ဂုဏ်ရည်ဆုအဖွဲ့က မေ ၂၃ ရက်နေ့မှာ ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။ ဆုပေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကနေ ၂၀၂၁ စစ်အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးအထိ စစ်ကျွန်မခံ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့၊ ပြည်သူနဲ့အတူ တသားတည်း ရပ်တည် ခဲ့တဲ့အတွက် အခုလို ဦးမင်းကိုနိုင်ကို ရွေးချယ်ခဲ့တာလို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ဦးမင်းကိုနိုင်ကို ရွေးခြယ်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်ဆုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်း ကို ချီးမြှင့်ခဲ့ပါတယ်။
ပြည်သူ့ဂုဏ်ရည်အသင်းဟာ အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်နေကြတဲ့ မြန်မာတွေစု ပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၁၀ က စတင်ပြီး နှစ်စဥ်ဆုချီးမြင့်လာ တာဖြစ်ပါတယ်။
