လူကုန်ကူးမှုဆိုင်ရာ ပညာပေး ဂီတဖျော်ဖြေပွဲ ကျင်းပမည်
2012.11.17
လူကုန်ကူးမှုဆိုင်ရာ အသိပညာဖြန့်ဝေရေး ဂီတဖျော်ဖြေပွဲ သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော အဆိုတော် ဖြူဖြူကျော်သိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်(ယာအစွန်)ပုံ
အဲဒီဂီတဖျော်ဖြေပွဲဟာ လုပ်အားခေါင်းပုံဖြတ်မှုနဲ့ လူကုန်ကူးမှုအဆုံးသတ်ရေးအဖွဲ့(MTV Exit) က ပထမဆုံးအကြိမ် လာရောက်ကျင်းပမယ့် ဂီတဖျော်ဖြေပွဲဖြစ်ပြီး အခမဲ့ကျင်းပပေးမယ့် ပွဲတစ်ခုဖြစ်တယ်လို့ လုပ်အားခေါင်းပုံဖြတ်မှုနဲ့ လူကုန်ကူးမှု အဆုံးသတ်ရေးအဖွဲ့ရဲ့ အနုပညာရှင်သံတမန် ဖြူဖြူကျော်သိန်းက RFA ကို ပြောပါတယ်။
ရန်ကုန်ပြည်သူ့ရင်ပြင်မှာ ဒီဇင်ဘာလ ၁၆ရက်နေ့ ကျင်းပမယ့် လေဟာပြင်ဂီတဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံက အဆိုတော်တွေနဲ့ နိုင်ငံတကာက အဆိုတော်တွေလည်း ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဒီဂီတဖျော်ဖြေပွဲဟာ MTV Exit အဖွဲ့နဲ့ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့တို့ ပူးတွဲကျင်းပတဲ့ပွဲ ဖြစ်ပါတယ်။
အဲ့ဒီဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေအနေနဲ့ လူကုန်ကူးခံရတဲ့ အခြေအနေကို နားလည်သဘောပေါက်လွယ်မယ့် မေးမြန်းခန်းတွေ၊ အသိပညာပေးတဲ့ အခန်းကဏ္ဍတွေကိုပါ ပါဝင်ဖျော်ဖြေမယ့် အဆိုတော်တွေက ဖျော်ဖြေပွဲမှာ ထည့်သွင်းပြောကြားသွားမယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ့် ဂီတဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်အပါအဝင် လုပ်အားခေါင်းပုံဖြတ်မှုနဲ့ လူကုန်ကူးမှုအဆုံးသတ်ရေးအဖွဲ့၊ ဂီတဖျော်ဖြေပွဲမှာ ပါဝင်ကူညီမယ့် အဆိုတော်တွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ UNIAP(United Nation Inter-Agency Project on Human)အဖွဲ့၊ Walk Free အဖွဲ့၊ AusAID အဖွဲ့က တာဝန်ရှိသူတွေ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။
ဒီဂီတပွဲတော်မှာ ဦးဆောင်ဖျော်ဖြေမယ့် MTV EXIT အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန် အဆိုတော် ဖြူဖြူကျော်သိန်းကို RFA သတင်းထောက် မဇင်မာဝင်းက မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
| အသံဖိုင်နားထောင်ရန် |
|
| အသံဖိုင်ယူရန်။ |









