မြိုင်မှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးနေရ
2025.01.15

မကွေးတိုင်း၊ မြိုင်မြို့ကနေ ပျူစောထီး လက်နက်ကိုင်တွေရှိနေတဲ့ ရွာတွေကို ရိက္ခာပို့ဆောင်တဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဇန်နဝါရီလ ၁၅ ရက်နေ့ ဒီနေ့အထိ လူဦးရေ ငါးထောင်ထက်မနည်း ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းရောင်း၊ စလူဘန်း၊ ဂွေးပင်လယ်၊ ဝက်ခေါင်း၊ ကျောင်းကုန်း၊ ရွာသစ်ကုန်း၊ ညောင်ပင်နဲ့ သံပုရာခြံစတဲ့ ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
မြိုင်မြို့ကနေ ခုနစ်မိုင်ခန့်ဝေးတဲ့ ပျူစောထီး လက်နက်ကိုင်တွေရှိတဲ့ ကန်နီရွာကို စစ်ကောင်စီတပ်က လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ သွားရောက်ပို့ဆောင်ချိန် စစ်ကြောင်းထိုးနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မြိုင်နယ်မှာ ရှိတဲ့ ပျူစောထီးရွာတွေကို ရိက္ခာပို့ဖို့ စစ်တပ်က စစ်ကြောင်းထိုးနေတာဗျ။ အဲဒီစစ်ကြောင်းနားက ရွာတော်တော်များများ ရှောင်နေရတယ်။ အင်းရောင်း ကျေးရွာက နေအိမ် ၁၂ လုံးလောက်ကိုလည်း မီးရှိ့သွားသေးတယ်ဗျ"
လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေ ဘေးလွတ်ရာ ရွာတွေမှာ ခိုလှုံနေကြပြီး ဒေသခံအချင်းချင်း ကူညီစောင့်ရှောက်နေရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ကတည်းက ရိက္ခာတင်ကားတွေ အပါအဝင် ကား ၃၂ စီး၊ အင်အားနှစ်ရာခန့်ရှိတဲ့ အဲဒီစစ်ကြောင်းဟာ မြိုင်မြို့ ရောက်ရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။