စင်ကာပူကို မြန်မာနိုင်ငံသားတွေ သွားရောက်လည်ပတ်မှု တိုးများလာ

စင်ကာပူနိုင်ငံကို လာရောက်လည်ပတ်တဲ့ မြန်မာနိုင်ငံသားတွေ သိသိသာသာ တိုးများလာနေတယ်လို့ စင်ကာပူ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ပြောကြားလိုက်ပါတယ်။

စင်ကာပူကို မနှစ်က လာရောက်လည်ပတ်ခဲ့တဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၁ သိန်းကျော်ရှိခဲ့တဲ့အတွက် ၂၀၁၀ ခုနှစ်ကစာရင်းနဲ့ နှိုင်းယှဉ်ရင် ၃၅ ရာခိုင်နှုန်း တိုးလာခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူကို လာရောက်တဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ တခြားနိုင်ငံသားတွေနဲ့ နှိုင်းယှဉ်ရင် လတ်တလော နည်းပါးနေပေမယ့် အနာဂတ်မှာတော့ မြန်မာနိုင်ငံသားအရေအတွက် အထူးများပြားလာနိုင်တယ်လို့ စင်ကာပူအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အများအားဖြင့် စင်ကာပူကို အုပ်စုလိုက် ခရီးစဉ်တွေနဲ့ လာရောက်လေ့ရှိပြီး၊ ၃ ည အိပ်ကနေ ၄ ညအိပ်အထိ နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။