တော်လှန်ရေးနေ့ ဆန္ဒပြပွဲတွေ အတွင်း ၈ ဦး ဖမ်းဆီးခံရ


2015-03-27
Share
students-free-ygn-protest-305 လက်ပံတန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်မြို့ မှာ မတ်လ ၂၇ ရက်နေ့က ဆန္ဒပြတောင်းဆိုကြစဉ်
Photo : Kyaw Zaw Win, Kyaw Lwin Oo, Aung Ko Ko/RFA

ဒီမိုကရေစီပညာရေးနဲ့ ဖမ်းဆီးထားသူတွေ ပြန် လွှတ်ရေးအတွက် နိုင်ငံအနှံ့မနေ့ကဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေမှာ ကျောင်းသားခေါင်းဆောင်နဲ့ ပြည်သူ စုစုပေါင်း ၈ ယောက်အဖမ်းခံလိုက်ရပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲအပြီးမှာ အစိုးရကဝရမ်း ထုတ်ထားတဲ့ ဗကသများအဖွဲ့ချုပ်က ကိုနန္ဒာစစ်အောင် အပါအဝင်၊ အိုးဝေဂျာနယ်အယ်ဒီတာ ကိုရှိန်းရာဇာထွန်း နဲ့ ကိုအောင်ထက်အောင်တို့ အဖမ်းခံလိုက်ရပါတယ်။

မြင်းခြံမြို့က ဆန္ဒပြပွဲမှာလည်း ဗကသများအဖွဲ့ချုပ် က မြင်းခြံဒီဂရီကောလိပ် သင်္ချာဒုတိယနှစ် ကျောင်းသား ကိုဉာဏ်မြင့်သန်းနဲ့အတူ ကိုစည်သူမြတ်၊ ဝန်းရံ အားပေးသူ ကိုကျော်သန်းထွန်း၊ ဦးစိန်ဝင်းနဲ့ မဖြူတို့ ၅ ယောက်ကို အကြမ်းဖက်ဖမ်းဆီးခံလိုက်ရပါတယ်။

သူတို့ကို အထွေထွေအုပ်ချုပ်ရေးမှူးကိုယ်တိုင် ရိုက်နှက် ဖမ်းဆီးခိုင်းတဲ့အကြောင်းနဲ့ ပုဒ်မ (၃) ခု တပ်ပြီး မြင်းခြံထောင်ကို မနေ့ညနေက ပို့လိုက်ပြီဆိုတဲ့အကြောင်း မြို့ခံ ကိုဖြိုးဟန်က RFA ကို ပြောပါတယ်။

"ဖမ်းတဲ့အချိန်မှာ ရိုက်ပြီးတော့မှဖမ်းတာ အုပ်ချုပ်ရေးမှူး ကိုထွန်းသိန်းအောင် ကိုယ်တိုင်ကလည်း ရိုက်ပါ၊ ရိုက်ပါဆိုပြီးတော့ ရိုက်ခိုင်းတာဗျ၊ မိုက်တဲ့အကောင်ထွက်ခဲ့ ထွက်တဲ့အကောင်ရိုက်ကွာ အဲ့လိုအမိန့်ပေးပြီးရိုက်ခိုင်းတာ၊ အခုအဖမ်းခံရတဲ့သူတွေဟာ ပုဒ်မ ၅ဝ၅(ခ)ရယ်၊ ပုဒ်မ ၁၄၃ ရယ်၊ ပုဒ်မ ၁၄၅ ရယ်၊ ပထမ သူတို့ကိုထိန်းသိမ်းထားတုန်းက ပေါင်းတည်စခန်းမှာ ထိန်းသိမ်းထားတာဗျ၊ အခု ပုဒ်မ ၃ ခုနဲ့စွဲတယ်ဆိုပြီးတော့ ထောင်ကြီးချုပ်ကိုပို့လိုက်တယ်ဗျ၊ မိသားစုတွေ ဘာမှမသိရဘူး"

ကိုကျော်သန်းထွန်းက ကျောင်းသားတွေကို ဖမ်းဆီးခံရလို့ ရုတ်ရုတ်သည်းသည်းဖြစ်တဲ့အချိန်မှာ ကျောင်းသား တစ်ဦးရဲ့ လက်ကနေပြုတ်ကျသွားတဲ့ ခွပ်ဒေါင်းအလံကို လမ်းပေါ်ကနေပြန်ကောက် ပေးတဲ့အတွက် ရိုက်နှက် ဖမ်းဆီးခံရတာလို့ဆိုပါတယ်။ ဦးစိန်ဝင်းနဲ့ မဖြူတို့ကလည်း ကျောင်းသားတွေရဲ့ အနောက်မှာရပ်ကြည့်နေ တာဖြစ်ပေမဲ့ သူတို့ဟာ လွန်ခဲ့တဲ့နှစ်ပတ်လောက်က မြင်းခြံမြို့မှာ ပြုလုပ်ခဲ့တဲ့ လက်ပံတန်းမှာ ကျောင်းသားတွေ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြပွဲမှာ ခရိုင်ရဲမှူးနဲ့ စကားအခြေအတင် ဖြစ်ထားရ သူတွေဖြစ်တယ်လို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့