မြန်မာနဲ့ နယ်စပ် တရုတ်ပြည် ယူနန်ပြည်နယ်၊ ကျန့်ချောင်ခရိုင်အတွင်း ရွာတစ်ရွာက စက်ရုံတစ်ခုမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံသား ငါးဆယ် ဝန်းကျင်ကို ဒေသခံ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
သူတို့မှာ အလုပ်လုပ်ကိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့်ဗီဇာ မရှိဘဲ လုပ်ကိုင်နေတာကြောင့် ထိန်းသိမ်းလိုက်တာ ဖြစ်ပြီး၊ မူလနေရပ် ပြန်ပို့မှာဖြစ်ကြောင်း၊ ဗီယက်နမ် နိုင်ငံသားတွေကိုတော့ ဖမ်းဆီးပြီးတာနဲ့ မူလနိုင်ငံ ပြန်ပို့လိုက်ကြောင်း ဖမ်းဆီခံထားရတဲ့ မြန်မာနိုင်ငံသား လေးဦးနဲ့ ပတ်သက်လို့တော့ အခြေအနေ မသိရသေးဘဲ ခရိုင်အာဏာပိုင်တွေက ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း ကျန့်ချောင်ခရိုင် ရဲတပ်ဖွဲ့က RFA ကို ပြောပါတယ်။
ထိန်းသိမ်းခံထားရသူတွေထဲက မလှလှဝင်းနဲ့ မောင်မောင်ချေ တို့ရဲ့ ဖခင် ဦးခင်သန်းမောင်က - မြန်မာပြည်တွင်းမှာ ဒုက္ခရောက်ရင် မိဘတွေအနေနဲ့ အခြေအနေကို စုံစမ်းနိုင်ကြောင်း၊ ဒါပေမဲ့ တခြားတိုင်းပြည်ကို ရောက်နေတော့ ဘာမှ မသိရကြောင်း၊ ဘယ်ကိုရောက်ပြီး ဘာတွေဖြစ်နေမှန်းလည်း မသိရကြောင်း၊ မိမိတို့မှာ ဆင်းရဲလို့သာ ကလေးနှစ်ယောက်က တရုတ်ပြည်ကို လေးနှစ်ကြာ အလုပ်သွားလုပ်ကြရတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။