ကိုရိုနာဗိုင်းရပ်စ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ နှစ်နှစ်ကြာ ယာယီဆိုင်းငံ့ထားခဲ့တဲ့ အလည်အပတ်ခရီးသွားဗီဇာတွေကို ပြန်ထုတ်ပေးတော့မယ်လို့ ကြာသပတေးနေ့ထုတ် နိုင်ငံပိုင်သတင်းစာကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ ခရီးသွားလုပ်ငန်း ဟန်ချက်ညီညီ ပြန်လည်နိုင်အောင် ရည်ရွယ်ချက်နဲ့ မေလ ၁၅ ရက် တနင်္ဂနွေနေ့ကစပြီး ခရီးသွားဧည့်သည်တွေကို “e-Visas” တွေ Online က ထုတ်ပေးမယ်လို့ ဆိုပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ လေယာဉ်မထွက်ခွာခင်မှာ ကြိုတင်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားလက်မှတ်နဲ့ ကိုဗစ်စစ်ပြီး ကူးစက်မှုမရှိကြောင်း အနုတ်လက္ခဏာပြတဲ့အဖြေ၊ ခရီးသွားအာမခံတွေကို ပြသဖို့ လိုအပ်မှာဖြစ်ပါတယ်။ မြန်မာပြည်ရောက်တဲ့အချိန်မှာလည်း ကိုဗစ်စစ်ဆေးမှုကို ထပ်ပြီး လုပ်ရမယ်လို့ ဖော်ပြထားတာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ခရီးသွားဗီဇာထုတ်ပေးတာနဲ့ လေယာဉ်ဆိုက်ရောက်မှုကို ၂ဝ၂ဝ ပြည့်နှစ် မတ်လကတည်းက ရပ်ဆိုင်းခဲ့တာပါ။
စီးပွားရေးဗီဇာတွေကိုလည်း ဧပြီလ ၁ ရက်နေ့ကတည်းက ပြန်ထုတ်ပေးခဲ့ပြီး၊ နိုင်ငံတကာ လေကြောင်းပျံသန်းမှု တားမြစ်ချက်ကိုလည်း ဧပြီ ၁၇ ရက်ကတည်းက ရုပ်သိမ်းခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းဟာ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများအတွက် အရေးကြီးတဲ့ ဝင်ငွေအရင်းမြစ်တစ်ခုဖြစ်ပေမယ့် ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ စတင်ပြီးနောက် ၂ဝ၂ဝ ပြည့်နှစ်အစောပိုင်းကစလို့ နိုင်ငံခြားသားဧည့်သည် အားလုံးနီးပါးလောက်ကို မြန်မာနိုင်ငံ လာရောက်ခွင့် ပိတ်ပင်ထားတာပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ခြောက်လအတွင်း အများစုကို ပြန်ဖွင့်ပေးခဲ့သလို၊ စစ်ဆေးမှုလိုအပ်ချက် အများစု ဒါမှမဟုတ် အားလုံးနီးပါးကို ဖြည်းဖြည်းချင်း လျှော့ချပေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ခရီးသွားတွေ ပြန်လည်ဝင်ရောက်နိုင်အောင် အခုလို ဗီဇာပြန်ထုတ်ပေးတာနဲ့ ကိုဗစ်ကြောင့် တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကို ဖြေလျှော့ပေးလိုက်ပေမယ့် အရင်လို ခရီးသွားလုပ်ငန်း ပုံမှန် ပြန်လည်ပတ်နိုင်ဖို့ကတော့ အလားအလာ မကောင်းဘူးလို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတချို့က သုံးသပ်ပါတယ်။
အဓိကကတော့ - ၂ဝ၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်လို့ ဆိုပါတယ်။
ခရီးသွားလုပ်ငန်း အပါအဝင် မြန်မာ့စီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေကြောင့် အတော်လေးကို အထိနာစေခဲ့တာပါ။
ကပ်ရောဂါမဖြစ်ပွားခင် ၂ဝ၁၉ ခုနှစ်က မြန်မာနိုင်ငံကို ခရီးသွားလာရောက်မှုဟာ ၄.၃၆ သန်း ရှိခဲ့ပြီး၊ ၂ဝ၂ဝ ပြည့်နှစ်မှာ ကပ်ရောဂါကြောင့် ခရီးသွားဧည့်သည်အရေအတွက် ကိုးသိန်းကျော်အထိ ကျဆင်းသွားခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံရေးမငြိမ်မသက်မှုတွေဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ခရီးသွားသတိပေးချက် အဆင့် ၄ အထိ ထုတ်ပြန်ထားပြီး၊ နိုင်ငံရေးမငြိမ်သက်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကို မသွားဖို့ အကြံပေးထားပါတယ်။