အာသံထောင်မှာ မြန်မာသုံးဆယ်ခန့် အစာငတ်ခံဆန္ဒပြနေ
2025.02.05
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဉ်းချခံထားတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးဟာ ပြန်လည်လွတ်မြောက်ရေးအတွက် ဇန်နဝါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီလ ၅ ရက် ဒီနေ့အထိ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က RFA ကို ပြောပါတယ်။
အကျဉ်းထောင်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အကူညီရရှိနိုင်ဖို့အတွက် ဆန္ဒပြနေတာလို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“သူတို့က ၂၀၂၁ ကတည်းက အဖမ်းခံထားရတာ၊ အဓိကကတော့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ UNHCR အောက်မှာ ခိုလှုံရဖို့ပါပဲ၊ မြန်မာနိုင်ငံကို ပြန်မပို့ဖို့အတွက်လည်း ဆန္ဒပြနေတာပေါ့”
ထောင်အာဏာပိုင်တွေက ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ဆောင်ရွက်တာ မရှိသေးတာကြောင့် ဆက်လက်ဆန္ဒပြနေတာလို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
အခုဆန္ဒပြနေသူတွေ အပါအဝင် မြန်မာနိုင်ငံသား တစ်ရာခန့်ဟာ ၂၀၂၁ ခုနှစ်က နယူးဒေလီမြို့ကို ဒုက္ခသည်ကတ် ပြုလုပ်ဖို့ သွားရောက်ချိန် ဖမ်းဆီးခံခဲ့ရပြီးနောက် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အာသံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချခံထားရတာလို့ ဆိုပါတယ်။
မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာအမျိုးသမီး ၂၂ ဦးနဲ့ ကလေး ရှစ်ဦးတို့လည်း ပြန်လွှတ်ပေးရေးအတွက် ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။