မြန်မာပိုင်နက်ထဲမှာ အိန္ဒိယ ဆန့်ကျင်ရေးအဖွဲ့တွေကို ခွင့်ပြုမှာမဟုတ်
2014.03.03

မြန်မာ့ပိုင်နက်မြေကို အသုံးချပြီး၊ အိန္ဒိယနိုင်ငံရဲ့ အကျိုစီးပွားကို နှောင့်ယှက်ဟန့်တားနေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ ဆက်လက်ခွင့်ပြုမှာမဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က မနေ့က ကတိပြု ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာကျင်းပတဲ့ တတိယအကြိမ်မြောက် BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော်ဒေ သ နိုင်ငံများအဖွဲ့ ညီလာခံကို တက်ရောက် ဖို့ရောက်ရှိလာတဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့တာပါ။
ဒါ့ပြင် သတင်းအချက်အလက် နည်းပညာ၊ စိုက်ပျိုးရေး၊ ပညာရေး ၊ စက်မှု စတဲ့ကဏ္ဍတွေမှာ လူ့စွမ်းအား အရင်းအမြစ် ဖွံံ့ဖြိုးတိုးတက်ဖို့ အကူအညီပေးရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ အခုခရီးစဉ်ဟာ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပါတယ်။
နေပြည်တော်မှာ ဒီကနေ့ကျင်းပမယ့် တတိယအကြိမ်မြောက် BIMSTEC ညီလာခံမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားမှာဖြစ်ပြီး၊ ညီလာခံအပြီးမှာ တင်ရောက်လာကြတဲ့ အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံရဲ့ အကြီးအကဲတွေက သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးမှာ အဖွဲ့ရဲ့အတွင်းရေးမှူးချုပ်အဖြစ် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Sumith Nakandala ကို ခန့်အပ်ခဲ့ကြပါတယ်။